MNP ၊ ဇွန် ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မြို့နယ်မျိုးစေ့ထုတ်လုပ်သူများအသင်း(SGA) တောင်သူများအတွက် RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းဆင့်တို့က မိုးစပါးများအထွက်နှုန်းတိုးမြင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က RS မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ စီးပွားဖြစ် မျိုးသန့်မျိုးစပါး ထုတ်လုပ်ခြင်းနှင့် တစ်ဧက တင်း(၁၀၀)အထက်ထွက်ရှိအောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းပညာများ စသည်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ်မျိုးစေ့ထုတ်လုပ်သူများအသင်း(SGA) တောင်သူများ၏ စံပြစိုက်ကွက် ဧက(၅၀) အတွက် ပေါ်ဆန်းယဉ် RS မျိုးသန့်မျိုးစပါးများအား တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း ၅၀ ကို ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment