တစ်ခါတစ်ခေါက် အရောက်လှမ်းလာဖို့ ရွှေမိုင်းယောင်းက ဖိတ်ခေါ်ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ခါတစ်ခေါက် အရောက်လှမ်းလာဖို့ ရွှေမိုင်းယောင်းက ဖိတ်ခေါ်ကြိုဆို












MNP ၊    ဇွန်   ၈

မိုင်းယောင်းမြို့နယ်ကို ပါဋ္ဌိဘာသာအားဖြင့် “မဟိရင်္ဂရဋ္ဌတုံ”ဟုခေါ်ဆိုကြောင်းသိရပြီး မင်္ဂလာဆင်ဝပ်သည့်နေရာတွင် တည်ထောင်ခဲ့၍ ဆင်မင်းမြို့၊ ရှမ်းဘာသာဖြင့် “ဝင်းကျန်မြို့”ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။ မိုင်းယောင်းမြို့၏ အဓိပ္ပာယ်မှာ “မိုင်း”သည် မြို့ဖြစ်၍ “ယောင်း”သည် တောင်ယာမီးရှို့၍ လေထဲတွင် လွင့်ပျံကျလာသောပြာကို ခေါ်ဆိုကြောင်း သိရှိရပါသည်။


မိုင်းယောင်းမြို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အရှေ့ဖျားပိုင်းတွင် တည်ရှိ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်တွင် တည်ရှိပါသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၀ မိနစ်နှင့် ၂၁ ဒီဂရီ ၄၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၁၀၀ ဒီဂရီ ၅ မိနစ်နှင့် ၁၀၀ ဒီဂရီ ၁၀ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၅၃၄.၇၆၁၇ စတုရန်းမိုင်၊ ဧကအားဖြင့် ၉၈၂၂၅၁ ဧက ကျယ်ဝန်းပါသည်။


အရှေ့မှ အနောက်သို့ ၂၈.၄၀၉၁ မိုင်ရှိပြီး တောင်မှမြောက်သို့ ၂၅.၅၆၈ မိုင်ရှည်လျှားပါသည်။ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ အနောက်ဘက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းဖြတ်မြို့နယ်နှင့် မြောက်ဘက်တွင် မိုင်းလားမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၈၀၀ ပေ အထက်တွင် တည်ရှိ၍ မြို့၏မြောက်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပေ(၃၀၀၀ မှ ပေ ၅၀၀၀)တောင်များ ဝိုင်းရံလျက်ရှိပြီး အမြင့်ဆုံးတောင်မှာ လွယ်ပန်နောင်(Loi Pangnoi) တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၈၉ ပေဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံးဒေသမှာ မိုင်းယောင်းဖြစ်ပါသည်။ မြို့၏အရှေ့ဘက်နှင့် တောင်ဘက်တွင် ၇ မိုင်မှ ၁၅ မိုင်အထိ ကျယ်ပြန့်သော ညီညာပြန့်ပြူးသည့် လွင်ပြင်တည်ရှိပါသည်။


မိုင်းယောင်းဒေသသည် ရှေးယခင်က ရေအတိပြည့်လွမ်းလျက်ရှိနေခဲ့ပါသည်။ ကဿဖမြတ်စွာဘုရားရှင်သည် မိုင်းယောင်းဒေသသို့ ဒေသရီကြွချီတော်မူလာပြီး မဟိယင်္ဂနတောင်(ယခုထပ်လုံစေတီကုန်းတော်)တွင် သီတင်းသုံးတော်မူ၍ နောင်ပွင့်လာမည့် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်လက်ထက်တွင် ဤနေရာဤဒေသ၌ ဗုဒ္ဓသာသနာတော်ထွန်းကားပါစေသားဟူ၍ ဗျာဒိတ်ထားတော်မူသည်။ ယင်းကဲ့သို့ ဗျာဒိတ်ထားတော်မူသည်နှင့်တစ်ပြိုင်နက် ပြည့်လွမ်းလျက်ရှိနေသော ရေများသည် အရှေ့ဘက်အရပ်သို့ ဦးတည်၍ မြစ်ချောင်းများအဖြစ် စီးဆင်းသွားသည်။


မိုင်းယောင်းမြို့နယ်တွင် မြစ်ချောင်းများသည် အနောက်အရပ်မှ အရှေ့အရပ်သို့ ယနေ့ထက်တိုင် စီးဆင်းနေဆဲဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ မိုင်းယောင်းမြေပြန့်လွင်ပြင်အတွင်းမှ ရေများခန်းခြောက်ကုန်သည်။ ထို့နောက် အာဠာဝိအအရပ်မှ မုဆိုးကျော် လုတကိုသည် မိုင်းယောင်းမြေပြန့်အရပ်သို့ ရောက်ရှိလာပြီး တောမီးရှို့ရာမီးခိုးပြာတို့သည် ရှည်လျားစွာအမြင့်ဆုံးသို့ တက်ကြလေသည်။ ထိုအခါ တောင်ပေါ်ဒေသများတွင်နေထိုင်ကြသော သန်မိလခေါ်လွယ်လူမျိုးတို့သည် မီးခိုးပြာတန်းကိုမြင်တွေ့သော် မြေပြန့်အရပ်ဒေသသို့ ဆင်းသက်နေထိုင်လာခဲ့ကြပါသည်။


မီးခိုးပြာတန်းကို လိရှမ်းဘာသာဖြင့် “အီယာယောင်း”ဟုခေါ်ဝေါ်ပြီး အဆိုပါ(ယာယောင်း)ကို အစွဲပြု၍ နောင်တွင် မုန်းယောင်းဟုခေါ်ဆိုကာ ယခုလက်ရှိ မိုင်းယောင်းဟု ခေါ်တွင်လာခဲ့ကြခြင်းဖြစ်သည်။


မိုင်းယောင်းမြို့သည် ကျိုင်းတုံစော်ဘွားလက်အောက်ခံ မြို့စားမြို့နယ်တစ်ခုဖြစ်ပြီး မိုင်းယု-မိုင်းဝ-ကျိုင်းခမ်း-မိုင်းဟဲ-မိုင်းဆော-စစ်ဆောင်ပန်းနား-မိုင်းကိုင်-မိုင်းလွေ-ကျိုင်းကုန်း နယ်မြေများ ကျယ်ဝန်းစွာပါဝင်သည့် မြို့စားနယ်ပယ်တစ်ခုဖြစ်သည်။ တောင်ငူခေတ်တွင် တပင်ရွှေထီး ယိုးဒယားသို့စစ်ချီရာတွင်လည်းကောင်း၊ ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓယသို့ စစ်ချီတက်ရာတွင်လည်းကောင်း၊ ကုန်းဘောင်ခေတ် အလောင်းဘုရားမင်း(ခေါ်)ဦးအောင်ဇေယျမင်းတို့ အယုဒ္ဓယသို့စစ်ချီရာတွင်လည်းကောင်း ကျိုင်းတုံစော်ဘွားကြီး၏ သောင်းချီတပ်များပါဝင်ရာ မိုင်းယောင်းမြို့စားတပ် လိရှမ်းများလည်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။


ထို့ပြင် ၁၈၈၆ ခုနှစ်နောက်ပိုင်း နယ်ချဲ့ဗြိတိသျှတို့ မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းခြင်းခံရပြီးနောက် နယ်ချဲ့တို့ကို ပြန်လည်တွန်းလှန်ခဲ့ရာတွင် မြင်စိုင်းမင်းသား၊ လင်းပင်မင်းသား၊ ကျိုင်းတုံစော်ဘွားနှင့် ရပ်စောက်စော်ဘွားတို့ ဦးဆောင်သော ရှမ်းတိုင်းရင်းသားများထဲတွင် မိုင်းယောင်း မြို့စားတပ် လိရှမ်းများလည်း ပါဝင်ခဲ့ကြသည်။


မိုင်းယောင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး တောတောင်များ၊ မြေပြန့်များ၊ မြစ်၊ ချောင်း၊ အင်းအိုင်များဖြင့် ရောပြွန်းတည်ရှိနေပါသည်။ အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်ရှိ တောတောင်များ ဝိုင်းပတ်တည်ရှိနေပါသည်။ မြို့နယ်အတွင်း ရေစီးဆင်းမှုအနေဖြင့် မဲခေါင်မြစ်သည် တရုတ်ပြည်မြောက်ပိုင်းမှ မြစ်ဖျားခံ၍ မိုင်းယောင်းမြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်မှ နယ်နိမိတ်အဖြစ် ဖြတ်သန်းပြီး တရုတ်-မြန်မာ-လော-ယိုးဒယားနှင့် ကမ္ဘောဒီးယားစသည့် နိုင်ငံကြီးငါးနိုင်ငံကို ဖြတ်သန်းစီးဆင်းသွားပါသည်။


နမ့်လွေချောင်းသည် တရုတ်ပြည်တောင်ပိုင်းမှစတင်၍ မိုင်းယန်း-မိုင်းခတ် နယ်စပ်မျဉ်းအတိုင်းစီးဆင်းပြီး မိုင်းယောင်းမြို့နယ် မြောက်ဘက်ခြမ်းမှ ဖြတ်သန်း၍ အရှေ့ဘက် ဘုတ်ဆုပ်နမ့်(Bok Hsop Nan)အနီး စီးဆင်းပါသည်။ ထိုမှတဖန် တောင်ဘက်သို့ကွေ့၍ ဝမ်ဟွေတောင်းရွာ(Wan Hwe Tawn)အနီးဖြတ်သန်း၍ မဲခေါင်မြစ်အတွင်းသို့ ပေါင်းဆုံစီးဝင်ပါသည်။ နမ့်ခပ်ချောင်းသည် မြို့၏ အနောက်မြောက်ဘက်ရှိ ဝမ်အင်းဒေသမှ စတင်စီးဆင်း၍ မိုင်းယောင်းမြေပြန့် ဖြတ်သန်းစီးဆင်းပြီး နမ့်ဝမ်းချောင်း၊ နမ့်ယောင်းချောင်းနှင့် ပေါင်းစုံလျက် မဲခေါင်မြစ်အတွင်းသို့ စီးဝင်ပါသည်။


ရာသီမရွေး ဖြတ်သန်းသွားလာနိုင်ပြီး ရေနုတ်မြောင်းနှင့် ရေကာတာငယ်များပြုလုပ်၍ လယ်ယာများသို့ ရေပေးသွင်းစိုက်ပျိုးလျက်ရှိပါသည်။ နမ့်ပုန်းချောင်းသည် ကျိုင်းတုံမြို့နယ်ရှိ မိုင်းကိုင်ဒေသမှ စတင်စီးဆင်း၍ အနောက်တောင်ဘက်သို့ ချောင်းလက်တက်များစွာ ဖြန့်ခွဲစီးဆင်းလာပါသည်။ မိုင်းယောင်းနှင့် မိုင်းဖြတ် ကားလမ်းမပေါ်တွင်ရှိသော မုန်းလိုက်နှင့် နမ့်ပုန်းနှစ်ရွာကြားမှ ဖြတ်သန်းစီးဆင်း၍ တောင်ဘက်သို့ ဆက်လက်စီးဆင်းသွားပါသည်။ တောင်ဘက်တွင် နမ့်ယောင်းချောင်းနှင့်ပေါင်းဆုံပြီး မဲခေါင်မြစ်အတွင်းသို့ စီးဝင်သွားပါသည်။ ရာသီမရွေးဖြတ်ကူးနိုင်ပါသည်။ နမ့်ယောင်းချောင်းသည် မိုင်းဖြတ်နယ် လန်းဆတ်ဒေသမှ စတင်စီးဆင်းပြီး အနောက်မှအရှေ့သို့ ဖြတ်သန်းစီးဆင်းသွားပါသည်။ “ဆွပ်ပလောင်း”သို့ ဆက်လက်စီးဆင်း၍ မဲခေါင်မြစ်အတွင်းသို့ စီးဝင်သွားပါသည်။


ထင်ရှားသည့် ရေကန်များမှာ နောင်ခမ်းနှင့် နောင်ရှဲန်ကန်များဖြစ်ပြီး ရေတံခွန်တစ်ခုမှာ ဟွေဖအုပ်စုမှ ကွီပါတရွာအနီးရှိ ပေ ၂၀၀၀ အမြင့်တောင်ပေါ်မှ အောက်သို့ ပေ ၇၀ ထိုးဆင်းသော ရေတံခွန်တစ်ခုတည်ရှိပါသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေနှင့် သုံးရေ စသည်ဖြင့် အသုံးပြုနိုင်ပါသည်။


မိုင်းယောင်းမြို့နယ်တွင် နေထိုင်သည့်လူမျိုးများမှာ ရှမ်းလိ(တိုင်းလိ)၊ ကော်(အာခါ)၊ လွယ်၊ ကွီ(လားဟူ=မူဆေး)လူမျိုးများဖြစ်ကြပါသည်။ ရှမ်းလိလူဦးရေမှာ အများဆုံးဖြစ်၍ ၅၅ ရာခိုင်နှုန်းရှိပါသည်။ ကော်(အာခါ)လူမျိုးမှာ ဒုတိယအများဆုံးဖြစ်၍ ၃၅ ရာခိုင်နှုန်းရှိပါသည်။ လွယ်လူမျိုးမှာ တတိယအများဆုံးဖြစ်၍ ၈ ရာခိုင်နှုန်းခန့်ရှိပါသည်။ ကွီ(လားဟူ=မူဆေး) လူမျိုးမှာ အနည်းငယ်သာရှိ၍ ၂ ရာခိုင်နှုန်းခန့်သာရှိပါသည်။ ကိုးကွယ်ယုံကြည်မှုတွင် ဗုဒ္ဓဘာသာကိုးကွယ်သူမှာ ၇၁ ဒသမ ၈ ရာခိုင်နှုန်း၊ ခရစ်ယာန်ကိုးကွယ်သူမှာ ၈ ဒသမ ၆ ရာခိုင်နှုန်း၊ မူဆလင်ကိုးကွယ်သူမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါသည်။


မိုင်းယောင်း၏ အဓိကလမ်းပန်းဆက်သွယ်ရေးမှာ မိုင်းယောင်း-မိုင်းဖြတ် ၄၇ မိုင်နှင့် မိုင်းယောင်း-မိုင်းယု ၁၈ မိုင် ကတ္တရာလမ်းဖြစ်သည်။ မီးရထား/လေကြောင်း/ ရေကြောင်းလမ်းများမရှိပါ။ မိုင်းယောင်းမြို့၏ ရာသီဥတုသည် မုတ်သုံရာသီဥတုဖြစ်ပြီး မိုးရာသီတွင် မိုးများရွာသွန်း၍ စွတ်စိုထိုင်းမှိုင်းပြီး ကျန်ရာသီဥတုများတွင် မျှတသော ရာသီဥတုရှိပါသည်။ ပျမ်းမျှမိုးရေချိန် ၆၀ လက်မခန့်နှင့် ပျမ်းမျှအပူချိန် ၉၅ ဒီဂရီဖာရင်ဟိုက်ရှိပါသည်။ မိုးအများဆုံးရွာသွန်းသော လမှာ ဇူလိုင်လဖြစ်ပြီး မိုးရေချိန် ၁၆ လက်မခန့်ရှိပါသည်။ နွေရာသီအပူချိန်အမြင့်ဆုံးကာလမှာ ဧပြီလဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၁၀၃ ဒီဂရီဖာရင်ဟိုက်နှင့် ဆောင်းရာသီအအေးဆုံးလမှာ ဒီဇင်ဘာဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၃၇ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မြို့နယ်အတွင်းရှိ ရာသီဥတု၊ ရေ၊ မြေ သဘာဝပေါက်ရောက်နေသည့် အပင်များမှာ ကျွန်း၊ သစ်အယ်၊ ထင်းရူး၊ ဝါး၊ စကားဝါ၊ စကားစိမ်း စသည်တို့ဖြစ်သည်။


မိုင်းယောင်းမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံမှာ ဆန်စပါးဖြစ်ပြီး အခြားစိုက်ပျိုးသော သီးနှံများမှာ အစေ့ထုတ်ပြေင်း၊ မြေပဲ၊ နှမ်း၊ သစ်စိမ့်၊ ဝါကြံ၊ ပဲပုတ်၊ စားတော်ပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါ နွေစပါး၊ ရော်ဘာနှင့် သစ်မွေးပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါသည်။


မိုင်းယောင်းမြို့နယ်အတွင်း ရွှေ၊ အဖြိုက်နက်၊ သံ၊ ကြေးနီနှင့် မဂ္ဂနီး(စ်) စသည့် ဓာတ်သတ္တုများ အနည်းငယ်ထွက်ရှိပြီး စီးပွားဖြစ်တူးဖော်ခြင်းမရှိပါ။ မြို့နယ်အတွင်းရှိ ထူးခြားချက်နှင့် ဓလေ့ထုံစံများမှာ အရိမေတ္တယျမြတ်စွာဘုရားရှင် ပွင့်လာချိန်တွင် အသစ်ပြန်လည်မွေးဖွားဖြစ်တည်လာမည့် အလွန်စည်ကားသာယာဝပြောသော မိုင်းယောင်းထက် ရှေးကျသည့် မိုင်းယောင်းနွဲ့မင်းနေပြည်တော်ဖြစ်ပါသည်။ ယနေ့အထိ ကံအလွန်မြင့်သူများ၊ ဘုန်းတန်ခိုးရှိသူများမှ မိုင်းယောင်းနွဲ့မင်းနေပြည်တော်နှင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက်များကို တွေ့မြင်ရတတ်သည်ဟု သိရသည်။ (ဇင်းမယ်ပြည်မင်း၏သား ကျောက်ကုတ်(သုတေးထမင်းသား)သည် မိဘနှင့်စိတ်ဆိုးပြီး ဤမြို့သို့ ထွက်ခွာလာခဲ့ပါသည်။ မဲခေါင်မြစ်သို့ စီးဝင်သွားသော  နမ့်ယောင်းချောင်း ကွေ့ပတ်စီးဆင်းသွားသည့် တောင်ကုန်းတစ်နေရာတွင် လူသူများစုရုံး၍ မိုင်းယောင်းနွဲ့ဟု ခေါ်တွင်စေ၍ မြို့တည်နန်းတည်ပြီး မင်းပြုခဲ့ပါသည်။)


ယခင်က မိုင်းယောင်းမြို့နယ် ဈေးနေ့တွင်နွားပွဲမရှိပါ။ ဝက်ငယ်များကိုခြင်းတွင်ထည့်၍ လာရောက်ပြသရောင်းချခြင်း၊ နေအိမ်တိုင်းမှအစိုးရသို့ အရက်လိုင်စင်အခွန်ဆောင်ပြီး မိမိတို့စိတ်ကြိုက် ကဆေးများဖော်၍ ဆေးဖြင့် ၃၀ ကျော်ဒီဂရီ ၆၀၊ ၇၀၊ ၈၀ အထိပြင်းသော အရက်များကို တွတ်အိုးများတွင်ထည့်၍ ဈေးကြီးနေ့ လာရောက်တန်းစီရောင်းချကြပါသည်။ ဝယ်ယူသောက်သုံးလိုသူမှ ၁/၂ ပက်ခန့် တစ်ဆိုင်ပြီးတစ်ဆိုင် စမ်းသပ်သောက်သုံး၍ စိတ်ကြိုက်တွေ့သောအခါ ဝယ်ယူသည့်အရက်ပွဲရှိပါသည်။ စော်ဘွား၊ မြို့စားများလက်ထက်တွင် ငါးရက်တစ်ဈေး၌ လေးကောင်ဂျင်ကတ်ဖဲ စသည့်ဝိုင်းများပင်ရှိခဲ့သည်။ (တော်လှန်ရေးအစိုးရလက်ထက်တွင် အကျင့်စာရိတ္တပျက်ပြားမှု များပြားလာ၍ပိတ်ခဲ့ပါသည်။) ရှေးက ငါးရက်တစ်ဈေးမှာ မိုင်းယောင်းမြို့မ၊ ဝမ်ဟိုရမ်း၊ ဝမ်တုံ၊ ဝမ်ဖြတ်၊ ဟောင်ကွေ့ဈေးများရှိခဲ့ပြီး ယနေ့တွင် မိုင်းယောင်းမြို့မ၊ ဝမ်ဟိုရမ်း၊ ဟောင်ကွေ့နှင့် နမ့်ငေါ့ဈေး လေးဈေးသာရှိပါတော့သည်။ စံပြကျေးရွာအပန်းဖြေစခန်းများ မရှိသေးပါ။


ဘုရားပွဲအနေဖြင့် အုပ်စုတိုင်းတွင် ဘုရားပွဲများရှိပါသော်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပုဂ္ဂိုလ်များ မလာရောက်ကြပါ။ ဝမ်ကောင်းအုပ်စုရှိ ဓာတ်လုံစွမ်ယောင်း စေတီဘုရားပွဲသည် နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့အထိ သုံးရက်မှ ငါးရက်ကျင်းပစဉ် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ် စသည့်မြို့များမှ ဘုရားဖူးပုဂ္ဂိုလ်များ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လာရောက်ဖူးမြော်ကြည်ညိုကြပါသည်။


အဆိုပါဓာတ်လုံစွမ်ယောင်းစေတီသည် ဉာဏ်တော် ၁၈ တောင်(၂၇ ပေ)ခန့်မြင့်သော ရှေးဟောင်းသမိုင်းဝင်စေတီဖြစ်ပါသည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဆံတော်လေးဆူနှင့် ဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဆံတော်လေးဆူ စုစုပေါင်းဆံတော် ရှစ်ဆူနှင့် နဖူးညှပ်ရိုး ဌာပဏာထားကြောင်း၊ အဆိုပါစေတီကို အသောက(မိုင်းယောင်းအခေါ် အာစောက)ဧကရာဇ်မင်းမြတ်မှ တိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်စဉ် ဇောတိနဂရတိုင်း (ကျိုင်းရုံး=လိစစ်ဆောင်ပန်းနား=လိနယ်တွင်တည်ရှိသော မိုင်းယောင်းမြို့တွင် ရဟန်းလေးပါးတစ်ထောက်နား၍ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ဌာပနာစေတီတည်ကြောင်း၊ တောင်ခြေတွင် အသောကသိမ်နှင့် ဝမ်မိုင်ရွာတွင် သက်တော် နှစ်ထောင်ကျော်ရှိ ဝမ်မိုင်ဆီလီမွန်း ဗောဓိရွှေညောင်ပင်ကို အဆိုပါရဟန်းလေးပါးမှ စိုက်ပျိုးကိုးကွယ်စေခဲ့ကြောင်း သိရသည်။


အဆိုပါရဟန်းလေးပါးမှပင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီသို့ ဦးတည်ထားသည့် (တောင်ဘက်သို့ မျက်နှာမူထားသော) မိုင်းယောင်းမြို့မ ဟိုခုံဘုရားကျောင်း၊ အမှတ်(၂) ရပ်ကွက်မှ ကြောမ်ကြန့်ဘုရားကျောင်း၊ ဝမ်နောင်ယဲန်းဘုရားကျောင်း၊ ဝမ်တောင်းရွာမှ ဘုရားကျောင်း လေးကျောင်းတည်ထားခဲ့ကြောင်း၊ ယနေ့တိုင် ဓါတ်လုံစွမ်ယောင်းစေတီ၊ အသောကသိမ်၊ ဝမ်မိုင်ဆီလီမွန်း(ဗေါဓိရွှေညောင်ပင်)နှင့် ဘုရားကျောင်းမှာ တောင်ဘက်သို့ မျက်နှာမမူသော်လည်း ရွာထိပ်တစ်နေရာတွင်တောင်ဘက်သို့ မျက်နှာမူထားသော ဘုရားကျောင်းဟောင်းများမှ အုတ်မြစ်အုတ်ချပ်များ တွေ့ရပါသည်။


ဓါတ်လုံစွမ်ယောင်းစေတီတွင် တန်ခိုးကြီးသော ဉာဏ်တော်နှစ်တောင်တစ်ထွာ(၄၅ လက်မခန့်)ရှိ ရှဲန်တောင်းဘုရား(ကြေးဖြင့် သွန်းလုပ်ထားသော သိန်းဘုရား)နှင့် ဉာဏ်တော် တစ်တောင်တစ်ထွာခန့်(၂၇ လက်မ)ရှိ “ဖကျောက်တစ်”ဘုရားနှစ်ဆူရှိပါသည်။ ယိုးဒယားများခေတ္တအုပ်ချုပ်ခဲ့စဉ်က တန်ခိုးကြီးဘုရားဖြစ်၍ ဆင်ဖြင့်ပင့်ရာ ဘုရားများမှ မကြွလိုသဖြင့်ဆင်ကိုလေးလံစေသောကြောင့် ဆင်မထနိုင်ဘဲ အော်၍နေသည်ကို လူနှစ်ယောက်အသာပင်ပင့်မ၍ မူလနေရာဟောင်း ဓာတ်လုံစွမ်ယောင်းတွင် ပြန်လည်ထားခဲ့ရကြောင်း သိရပါသည်။


အဆိုပါကြေးဘုရားဖြစ်သော ရှဲန်တောင်းဆင်းတုတော်လိုပင် တန်ခိုးကြီးသောဘုရား ရှမ်းပြည်နယ်အရှေ့ပိုင်း(သံလွင်အနောက်)နှင့် ယိုးဒယားတွင်သုံးဆူသာရှိကြောင်း၊ တာချီလိတ်မြို့နယ်မှ မိုင်းလင်းတွင် လန့်တောင်းဘုရား(ကြေးဖြင့် သွန်းလုပ်ထားသော သန်းဘုရား)နှင့် ယိုးဒယားနိုင်ငံတွင် ချင်းမိုင်အနီးရှိ ကျင်းရှဲန်မြို့တွင် လန့်တိတောင်းဘုရား(ဆယ်သန်းဘုရား)ရှိကြောင်း သိရသည်။


ဝမ်တောင်းရှိ ဘုရားကုန်းမြေသည် မြို့နှင့် ခုနှစ်မိုင်ခန့်ဝေးပြီး ဗကပနှင့် ရောင်စုံသောင်းကျန်းသူများ ခိုနားရာနေရာဖြစ်နေ၍ အဆိုပါ“ရှဲန်တောင်း”ဘုရားနှင့် “ဖကျောက်တစ်”ဘုရားနှစ်ဆူကို တောင်းပန်ပင့်ဘိတ်ပြီး မြို့တွင်းရှိဟိုခုံကျောင်း၌ ယနေ့တိုင် ထားရှိကိုးကွယ်လျက်ရှိပါသည်။


အခြားဘုရားပွဲတော်တစ်ခုမှာ နှစ်စဉ်တပို့တွဲလပြည့်တွင် ရှင်ဥပဂုတ်ပူဇော်ပွဲကို သာမန်ကျင်းပပြီး တပို့တွဲလပြည့်နှင့် ဗုဒ္ဓဟူးနေ့တိုက်ဆိုင်ကျရောက်ပါက ဖပီလုံပါဝုန်း (စျာန်ရကိုရင်ကြီး)သည် မဲခေါင်မြစ်နှင့် နမ့်ယောင်းချောင်းဆုံသော စွပ်ယောင်းသဲသောင်ခုံပေါ်တွင် လှူဘွယ်တန်းဘွယ်ပစ္စည်းများ အလှူခံရသည့် ရွှေငွေများကို ဖောင်ပေါ်တွင် အသင့်ပြုပြင်ထားသည့် ပြသါဒ်အတွင်းထည့်သွင်း၍ ရှင်ဥပဂုတ်အား ရည်စူးလှူဒါန်းခြင်း၊ တရားဘာဝနာနှင့် ကမ္မဌာန်းစီးဖြန်းခြင်း၊ ဂါထာတော်ကျူးရင့်ခြင်းပြီးသောအခါ မဲခေါင်မြစ်ရေသည် အထက်သို့တစ်လံကျော် မြင့်တက်ခဲ့ကြောင်း၊ မြစ်ရေသည် ဝဲကန်တော့ထိုးပြီး လှူဒါန်းထားသော ဖောင်နှင့် ယိုးဒယားလူမျိုးများပင် ဖပီလုံပါဝုန်းကို များစွာကြည်ညို၍ ရွှေငွေပစ္စည်းများ လာရောက်လှူဒါန်းကြောင်း၊ ဖပီလုံပါဝုန်းသည် အဆိုပါရွှေငွေများကို ကိုင်တွယ်အသုံးမပြုဘဲ လှူထားသည့်အတိုင်းပင်ဆောက်လုပ်ထားသော ကျောင်းတိုက်အသစ်တွင်ထား၍ ကိုယ်တော်အနေဖြင့် တဲကျောင်းတွင်သာ သီတင်းသုံး၍ ကိုယ်တွင်ဝတ်ရုံထားသော သင်္ကန်းတစ်စုံ၊ ယင်းကိုယ်တိုင်ပြုလုပ်ထားသော မြေသပိတ်၊ အိုးမှုတ်ခွက်ဖြင့် ရောင့်ရဲတင်းတိမ်နေထိုင်ပါသည်။


သူခိုးဓားပြများ ကျောင်းတိုက်သစ်တွင်ရှိသော ရွှေငွေပစ္စည်းများ ခိုးယူသော် ခြေရာကောက်ပြီး တစ်ထွာခန့်တုတ်ငယ်ကို ခြေရာပေါ်တင်လိုက်သည်နှင့် သူခိုးဓားပြ ခရီးဝေးဆက်လက်မသွားနိုင်ဘဲ နောက်ကြောင်းပြန်လှည့်လာပြီး ရွှေငွေများ ပြန်ထားကြောင်း၊ ဖပီလုံပါဝုန်းသည် သက်တော် ၁၁ နှစ်ခန့်ကပင် တောထွက်ခဲ့၍ စာပေ မသင်ကြားနိုင်သော်လည်း ဗုဒ္ဓ၏တရားတော်များ ရွတ်ဖတ်နိုင်ခြင်း၊ အမြင်ပေါက်ခြင်း စသည့် ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။ ၁၉၆၇ ခုနှစ်၊ သက်တော် ၈၀ ကျော်တွင် ပျံလွန်တော်မူခဲ့ပါသည်။ ယခုအခါ ကိုရင်ကြီးတောရကျောင်းသည် မြို့၏အထင်ကရနေရာ၊ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်ခဲ့ပါသည်။


မိုင်းယောင်းမြို့နယ်တွင် ကမ္ဘာ့သစ်ပင်စိုက်နေ့နှင့် မြန်မာ့သစ်ပင်စိုက်ပွဲ ပြုလုပ်ခြင်းမတိုင်မီ ရှေးနှစ်ပေါင်းများစွာကပင် နှစ်စဉ်ပြာသိုလဆန်း ၃ ရက်တွင် စားသုံးအသီးအနှံပင်များ နေအိမ်တိုင်း၊ ခြံတိုင်းတွင်စိုက်ပျိုး၍ နှစ်စဉ်ကဆုန်လဆန်း ၇ ရက်တွင် နေအိမ်သုံးနှင့် ထင်းရရှိရေးအတွက် ဝါးအမျိုးမျိုး၊ မယ်ဇလီပင်များ နေအိမ်တိုင်း၊ ခြံတိုင်းတွင် စိုက်ပျိုးသည့်ဓလေ့ ယနေ့တိုင်ပြုလုပ်လျက်ရှိပါသည်။


ဘုန်းကြီးပျံပွဲနှင့်ပတ်သက်၍ ဖော်ပြလိုသည်မှာ သာမန်ကိုရင်၊ ရဟန်းနှင့် ကျောင်းထိုင်ဆရာ တော်များပျံလွန်သည့်အခါ ရိုးရိုးပင်ပြုလုပ်ကြ၍ ဂိုဏ်းချုပ်ဆရာတော် ပျံလွန်တော်မူသောအခါ မီးမင်္သဂြိုလ်မီ ညအခါ မီးရှူးမီးပန်းများဖြင့် ပူဇော်ခြင်း၊ နေ့အခါ ကစားဝိုင်း၊ အကပဒေသာများပြုလုပ်ခြင်းနှင့် င်္သဂြိုလ်သောအခါ ခမ်းနားစွာ လုပ်သားပြည်သူ တစ်သောင်းမှ သုံးသောင်းအထိ လိုက်လံပို့ကြပြီး သုသာန်တွင်တစ်ဆင့်ကွဲ နှစ်ဆင့်ကွဲ ဒုံးကျည်များ ပစ်လွတ်ခြင်း၊ ရိုးရိုးဒုံးကျည်များ ပစ်လွတ်ခြင်းပြုပြီးမှ မီးင်္သဂြိုလ်ကြပါသည်။ မြို့စားကြီးဦးစပ်ပိုင်းမုန်း ကွယ်လွန်စဉ်ကလည်း ထိုကဲ့သို့ခမ်းနားစွာ လိုက်ပါပို့ဆောင်ခြင်းနှင့် မီးင်္သဂြိုလ်ခြင်းပြုခဲ့ပါသည်။


သာမန်လူပုဂ္ဂိုလ်များ အသုဘချစဉ်ထူးခြားသည်မှာ အလောင်းထမ်းစင်၏ နောက်မှမလိုက်ကြဘဲ ပို့ဆောင်သည့်ပုဂ္ဂိုလ်များ ရှေ့ကကြိုသွားပြီး အလောင်းထမ်းစင်က နောက်မှ လိုက်ခြင်းဖြစ်သည်။ သေဆုံးသူအား ရည်စူး၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝါတွင်းသုံးလတွင်ပြုလုပ်သော ဝေသန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်း)နှင့်အတူ နေအိမ်ငယ်ကလေးများ၊ အဝတ်အစားများ၊ အိမ်သုံးပစ္စည်း မီးဖိုချောင်သုံးပစ္စည်းမှ အစပြု၍(ယောက်ကျားသေလျှင် ယောက်ကျားနှင့် သက်ဆိုင်သောပစ္စည်း၊ မိန်းမသေလျှင် မိန်းမနှင့်သက်ဆိုင်သောပစ္စည်းများ ပါဝင်ပါသည်) ထည့်သွင်းလှူဒါန်းကြပါသည်။


အမြဲစိမ်းစိုလန်းဆန်းနေသော သဘာဝတောတောင်ရေမြေများတို့ဖြင့် ကြည့်တိုင်းလှနေသည့် ရွှေမိုင်းယောင်းသည် ဘယ်အလှပန်းချီရေးဖွဲ့လို့ မမီနိုင်လောက်အောင်ပင် သာယာလွန်းလှပါသည်။ မရိုးနိုင်သော ရိုးရာပွဲတော်အမျိုးမျိုးပြုလုပ်ကာ ဖော်ရွှေရွှင်ပြလွန်းလှသည့် ဧည့်ဝတ်ကျေတတ်မှုများတို့ကြောင့် ရောက်ရှိလာကြသူများ ပြန်ချင်စိတ်များပျောက်ပြီး အထူးကျေနပ်နှစ်သက်ကြပါသည်။


“တစ်မူးရလို့ တစ်ပဲလှူ”ဆိုသည့်အတိုင်း စေတနာရက်ရောလွန်းလှသည့် တို့ရှမ်းတောင်သူကြီးများသည် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေပေးနေကြသည်ကို မြင်ရကြားရသူတိုင်းမုဒိသာဖြစ်ဖွယ် ဝမ်းသာပီတိဖြစ်ကြရပါသည်။ 


ရိုးစင်းပြီး ယဉ်ကျေးလှသည့် နေထိုင်မှုပုံစံစရိုက်များသည် အဆင့်မြင့်လွန်းလှပါသည်။ မတူညီသော ညီနောင်တိုင်းရင်းသားလူမျိုးစုများစွာ စုပေါင်းနေထိုင်လျက်ရှိကြပြီး လွတ်လပ်ခြင်းနှင့် ညီမျှခြင်းများကိုလည်း လေးစားမြတ်နိုးတန်ဖိုးထားခဲ့ကြပါသည်။ ကြည့်လိုက်တိုင်း ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ ဌာပနာထားရာ စေတီပုထိုးများစွာသည် သန့်ရှင်းစင်ကြယ်သည့် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပနေသည်ကို ကြည်နူးစရာသာဓုခေါ်ချင်စရာ ဖူးတွေ့ရမည်ဖြစ်ပါသည်။ စိတ်လှုပ်ရှားစရာ ရှမ်းအိုးစည်သံများကိုလည်း မိုင်းယောင်းမြေကို စတင်ခြေချလိုက်သည်နှင့် အဝေးနေရာကပင် ကြားကြရမည်ဖြစ်ပါသည်။


အချုပ်အားဖြင့် သံလွင်အရှေ့ခြမ်းဒေသတွင် အထူးထင်ရှားကျော်ကြားလှသည့် ရှေးဟောင်း သမိုင်းဝင်တန်ခိုးကြီးထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီတော်၊ ဗောဓိရွှေညောင်ပင်၊ ဖပီလုံပါဝုန်း(စျာန်ရကိုရင်ကြီး)တောရကျောင်း၊ ထပ်ပူခမ်းစေတီတော်နှင့် ထူးခြားတင့်တယ် နက်နဲဆန်းကြယ် သဘာဝအလှတရားများ ပြည့်စုံနေသည့် စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူတော်ရှိရာ မိုင်းယောင်းမြို့ကို တစ်ခါတစ်ခေါက် အရောက်လှမ်းလာဖို့ တိုင်းလိတို့ပျော်စံရာ ရွှေမိုင်းယောင်းက ဖော်ရွေပျူငှာစွာဖြင့် ဖိတ်ခေါ်ကြိုဆိုလိုက်ရပါသည်။ ။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)