မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်


MNP ၊    ဇွန်   ၁၇

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်သင်တန်းကျောင်းများကို အခြေခံပညာ အဋ္ဌမတန်းနှင့် စနစ်သစ် Grade 11 အောင်မြင်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူများအား စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းပြီးဆုံးကာ ထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများတွင် စာရင်းကိုင်နှင့်ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာရပ်များကို တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးပြုဆောင်ရွက်လာကြပြီး စာရင်းကိုင်ပညာရပ်များ တက်မြောက်ထားသူများသည် ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများ တိုးတက် မြင့်မားလာပြီး အောင်မြင်မှုများ ရရှိနေသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုသင်တန်းများကို မြန်မာနိုင်ငံလုံးရှိ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(၅)ကျောင်းတွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အရေးကြီးသည့် သင်ခန်းစာများကို အဓိကအလေးထား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပထမနှစ်သင်တန်းတွင် ဘာသာရပ်(၇)ခု၊ ဒုတိယနှစ်သင်တန်းတွင် ဘာသာရပ်(၈)ခု သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ခြင်ထောင်၊ ဖျာ၊ ဝတ်စုံ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် စားသောက်စရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသည့် ပညာရပ်များအား သင်တန်းကာလအတွင်း သင်တန်းချိန်မှန်မှန် တက်ရောက်ကာ ဆရာ/ဆရာမများ၏ သင်ကြားပြသမှုများအား ဂရုတစိုက် လေ့လာမှတ်သားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအတွက် စားရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီးက ပြဌာန်းစာအုပ်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဝတ်စုံများနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့မှ ဖျာ/ခြင်ထောင်များအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းကို (၁၆-၆-၂၀၂၃) ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ အခြေခံပညာ ကျောင်းများ နည်းတူ ဇွန်လဆန်းမှ ဖေဖော်ဝါရီလအထိ (၉)လကြာ ဖွင့်လှစ်သင်ကြား ပိုချသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)