နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး






MNP ၊ ဇွန် ၂၂

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိအခြေအနေ၊ ဆရာနှင့် ကျောင်းသားအချိုးမျှတမှု ရှိ/မရှိ အခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုအခြေအနေများနှင့် ဆက်လက်ပြုပြင်သွားမည့်အစီအမံများကို လိုက်လံကြည့်ရှုမေးမြန်းပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်း များကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးအော်ပရေတာများ၏ လူမှုအကျိုး ပြုလုပ်ငန်းအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို ဇွန်လ ၁၅ ရက်မှ ၃၁ ရက်အထိ အကန့်အသတ်မဲ့ ဖုန်းခေါ်ဆိုခွင့်၊ SMS အခမဲ့ပေးပို့ခွင့်နှင့် အင်တာနက် ဒေတာစုစုပေါင်း 5GB တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများ တွင် အသုံးပြုရန်အတွက် အော်ပရေတာများက အင်တာနက်ဝန်ဆောင်မှုကို သုံးနှစ်အခမဲ့ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ စစ်တွေပြည်သူ့ဆေးရုံကြီးနှင့် ကွန်ပျူတာတက္ကသိုလ်၌ MPT က လည်းကောင်း၊ စစ်တွေတက္ကသိုလ်၊ စစ်တွေပြည်သူ့ဆေးရုံကြီး၊ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၌ MYTEL က လည်းကောင်း၊ သူနာပြုသင်တန်းကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့၌ ATOM က လည်းကောင်း၊ စစ်တွေနည်းပညာ တက္ကသိုလ်နှင့် တိုင်းရင်းဆေးရုံကြီးတို့၌ OOREDOO ကလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)