ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကျင်းပ


MNP ၊ ဇွန် ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၏ ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းအဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မိုခါမုန်တိုင်း စုပေါင်းမှု အင်အားရလဒ်မှတ်တမ်းဗီဒီယိုနှင့် ပန်းတိုင်းပွင့်၍ မွှေးပါစေ မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပညာရေးဆိုသည်မှာ လောကဓံကို ကြုံတွေ့ရသည့်အခါ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေရန်လိုအပ်သည့် စိတ်နှင့် ရုပ်လက္ခဏာများကို တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပညာတတ်လျှင် ကျန်းမာအောင် နေတတ်လာမည်၊ ပညာတတ်လျှင် ချမ်းသာအောင်နေတတ်လာမည်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ပင်ဖြစ်ကြောင်း၊ “သန့်ရှင်းတဲ့နား အကြားအမြင်များသည်၊ စင်ကြယ်တဲ့စိတ် အသိများသည်” ဆိုသည့်စကားကို စွဲမြဲစွာ မှတ်သားပြီး ဆောင်ရွက်ပါက ဘဝတွင် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း။

ပညာသည် ဘဝနှင့်ဆိုင်သည့် အသိပညာ၊ အတတ်ပညာများဖြစ်ပြီး ကျန်းမာကြံ့ခိုင်သည့် လူမျိုး၊ ဖွံ့ဖြိုးတိုးတက်ချမ်းသာ ကြွယ်ဝသော နိုင်ငံဖြစ်အောင် ကောင်းမွန်သည့် ပညာရေးစနစ်၊ တစ်နည်းအားဖြင့် ပညာတတ်သည့် မျိုးဆက်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တပည့်ကောင်းများ ဖြစ်အောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်ကြရမည့် သူများဖြစ်သည့်အတွက် ပညာပြည့်ဝရုံသာမက သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများနှင့် နေထိုင်တတ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပညာသည်သာလျှင် စစ်မှန်သည့်တန်ဖိုးဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများအနေဖြင့် ထူးချွန်ထက်မြက်သည့် ပညာတတ်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးနှင့် စာရေးကိရိယာတို့ကို ပေးအပ်ချီးမြှင့်ရာဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး၏ဇနီးက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများ၏ သား၊ သမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာတို့ကို ကိုယ်စားလှယ်များထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မဆုပြည့်သဇင်နှင့် မနှင်းလဲ့ရည်၊ လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်ခွန်သုခဗွေတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ဇနီးက လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မနှင်းရတနာ၊ သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မခင်ဝါဝါအောင်နှင့် မရိုးစ်ဗန်သင်ဆုန်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၏ဇနီးက တစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် မောင်မင်းဟိန်းသန့်နှင့် မဒေဝီကျော်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုမှာ မူလတန်း ၁၄၂၇ ဦး၊ အလယ်တန်း ၆၇၅ ဦး၊ အထက်တန်း ၄၇၃ ဦး၊ တက္ကသိုလ် ၄၁၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၉၉၁ ဦးရှိကာ မူလတန်းကျောင်းသား ကျောင်းသူတစ်ဦးလျှင် ငွေကျပ် ငါးထောင်နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် ၇၅၀၀ နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ အထက်တန်းတစ်ဦးလျှင်ငွေကျပ် တစ်သောင်းနှင့် ဗလာစာအုပ်နှစ်ဒါဇင်နှင့် တက္ကသိုလ် ကျောင်းသားတစ်ဦးလျှင် ငွေကျပ်တစ်သောင်းခွဲနှင့် ဗလာစာအုပ် နှစ်ဒါဇင်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့မှု ငွေကျပ် ၅၂၂၆၇၅၀၀ ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရိုးရိုးအောင်မြင်သူ ၃၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင်နှစ်ဦးနှင့် ဘာသာစုံဂုဏ်ထူးရှင်နှစ်ဦးတို့ရှိခဲ့ပြီး ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်း၊ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၏ စုစုပေါင်း ထောက်ပံ့ချီးမြှင့် ငွေကျပ် ၅၈၀၆၇၅၀၀ ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)