MNP ၊ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကွမ်းဈေးကွက် ကောင်းမွန်နေ၍ အညာကျေးလက်ဒေသအချို့တွင် ဒေသခံတောင်သူများက မြေအောက်ရေကိုအမှီပြုပြီး တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ကွမ်းစိုက်ပျိုးရေးလုပ်ငန်းသည် အခြားသီးနှံများနှင့် မတူပဲ သေချာစနစ်တကျဖြင့် စိုက်ပျိုးလုပ်ကိုင်ရကြောင်း၊ ထိုသို့ ကွမ်းစိုက်ပျိုးရာ၌ အထူးသဖြင့် မှိုရောဂါမကျရောက်စေရန် အပင်ခြေ ရေမဝပ်အောင် ဂရုစိုက်ပေးရကြောင်း၊ ထိုကဲ့သို့ ဂရုတစ်စိုက် စိုက်ပျိုးလုပ်ကိုင်ပေးမှသာ ကွမ်းခြံများတွင် မှိုရောဂါကင်းစင်ခြင်းနှင့် ကွမ်းပင်များ မြစ်ဆွေးရောဂါဝင်ရောက်မှု ကင်းဝေးစေမှာဖြစ်ကြောင်း သိရသည်။ ကွမ်းပင်များသည် စိုက်ပျိုးပြီး အချိန်တစ်လခွဲရှိပါက ခေါင်ညွန့်နှိမ်ပေးရပြီး စိုက်ပင်သက်တမ်း (၃)လအရွယ်တွင် ရောင်းတန်းဝင် ကွမ်းရွက်များကို လှိုင်လှိုင် ဆွတ်ခူးရောင်းချရကြောင်း သိရသည်။ ယခုလက်ရှိတွင် ဒေသကွမ်းဈေးကွက်၌ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၀ မှ ၂၈၀၀၀ အထိ အရောင်းအဝယ်ရှိနေပြီး တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကွမ်းဈေးကွက် ကောင်းမွန်နေမှုကြောင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာမှ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် မိသားစုစားဝတ်နေရေးအတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း ၊ နေကြာ ၊ မြေပဲ ၊ ပန်းနှမ်း ၊ ကုလားပဲ ၊ ထောပတ်ပဲ ၊ စားတော်ပဲ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲနောက် ၊ ပဲလွမ်း ၊ ပဲယင်း ၊ ပဲစင်းငုံ ၊ ဖူးစားပြောင်း ၊ နှံစားပြောင်း ၊ ကြံ ၊ ငှက်ပျော၊ စားဖိုဆောင် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။ ထို့အပြင် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာအချို့တွင် ဒေသခံတောင်သူများက သီးနှံအပိုဝင်ငွေ တိုးပွားစေရန် ဥယျာဉ်ခြံမြေများ ပြုလုပ်၍ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကွမ်းစိုက်ပျိုးမှုအနေဖြင့် တစ်မြို့နယ်လုံး ၅၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ၃၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment