နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်





MNP ၊    ဇွန်   ၁၂

စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧက တွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရှာစေးဖိုကျေးရွာအနီးရှိ အဆိုပါပညာပေးစိုက်ခင်း၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်  စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ရေဆင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသိပ္ပံဗဟိုဌာနတို့ ပူးပေါင်းပြီး စပါးမျိုးပေါင်းများစွာကို သုတေသနလုပ်ငန်များဆောင်ရွက်ခဲ့ပြီး စမ်းသပ်အောင်မြင်ခဲ့သည့်အတွက် တောင်သူများသိရှိပြီး လက်တွေ့လိုက်ပါ စိုက်ပျိုးနိုင်စေရန်ရည်ရွယ်ပြီး ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ယခုလို သရုပ်ပြပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုသရုပ်ပြစိုက်ပျိူးမည့် စိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ရတနာတိုး တစ် ဧက၊ ပြည်တော်ရင် သုညဒသမ ၇၉ ဧကနှင့် ထိုင်းနှံကောက် ၁ ဒသမ ၈၉ ဧကဖြင့် စပါးမျိုး သုံးမျိုးကို စမ်းသပ်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ စပါးသားတက်ဆင့်ပွား နည်းပညာသရုပ်ပြ စိုက်ခင်းများအနေဖြင့် စိုတစ်လှည့် ခြောက်တစ် လှည့် စိုက်ပျိုးရေပေးဝေသည့် (Alternate Wet and Dry) စနစ်ဖြင့်် စပါးပင်၏ ရေလိုအပ်ချက်ကို တိုင်းတာ တွက်ချက်၍ ရေကိုလိုအပ်သလောက်သာပေးဝေသည့် နည်းစနစ်တို့ကို အသုံးပြုပြီး သရုပ်ပြစိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” လေးမျိုးဟာ အဓိက လိုအပ်ချက်များဖြစ်ကြောင်း၊ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီစက်ကိရိယာများ၊ စိုက်ပျိုးရေရယူသည့် စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုစိုက်ပျိုးကြ၍ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးကာ အထွက်နှုန်းများတိုးတက်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက် လာမှာ ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့်ပတ်သက်၍ လည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ သုတေသနပညာရှင်တစ်ဦးက စိုက်ပျိုးနည်းစနစ်နှင့် အကျိုးကျေးဇူးများကိုလည်းကောင်း၊  နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးခင်ဇော်က စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြပညာပေးစိုက်ခင်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာတောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် စက်မှုလယ်ယာစနစ် အသုံးပြုမည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် တက်ရောက်လာသည့် တောင်သူများက စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ၊ တောင်သူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် ကောက်စိုက် စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ စပါးသားတက်ဆင့်ပွားနည်းပညာသည် ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး မြေသြဇာများ စနစ်တကျအသုံးချနိုင်လျှင် မိခင်အပင်၏အထွက်နှုန်းနှင့် ကွာခြားမှုမရှိသော အထွက်နှုန်းရရှိ နိုင်ခြင်း၊ မိခင်အပင်ထက်သက်တမ်းတိုးခြင်းကြောင့် တစ်နှစ်လျှင် သုံးသီးလွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးခင်း ပြင်ဆင်ခြင်း၊ ကောက်စိုက်ခြင်းတို့အပြင်၊ မျိုး၀ယ်ယူခြင်း၊ လုပ်အားခနှင့် စိုက်ပျိုးရေအသုံးပြုမှုများ လျော့ချ နိုင်ခြင်း၊ ထပ်မံထွန်ယက်စိုက်ပျိုးရန်မလိုအပ်သဖြင့် မီသိန်းဓါတ်ငွေ့ ထွက်ရှိမှုကိုလျော့ချ နိုင်သဖြင့် သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ သားတက်မျိုးစေ့သည် မိခင်ပင်ကဲ့သို့ မျိုးကောင်း မျိုးသန့်မျိုးစေ့ကိုရရှိနိုင်သဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေခြင်း စသည့် အကျိုးရေးကျေးဇူးများရရှိကြောင်း သိရသည်။


ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ နေပြည်တော်ကောင်စီမှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိမြို့ဖများနှင့်အတူ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်းကွန်ကရစ် လောင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်း တည်ဆောက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက် ကြရန်တို့ကို မှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယို ရေကန် အမှတ်(၂) သဲနုန်းများတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)