MNP ၊ ဇွန် ၁၃
အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို၌ ကျင်းပပြုလုပ်သည့် BIMSTEC Business Conclave သို့ တက်ရောက်ရန်ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC) မှ ကြီးမှူး ကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ EEPC ဥက္ကဌ တာဝန်နှင့် နိုင်ငံခြားရေးရာကုန်သွယ်မှုမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဥက္ကဌ Mr. P.K Shah ၊ ဒုတိယဥက္ကဌ Mr. AakashShah နှင့် ဒေသတွင်းဆိုင်ရာ ဥက္ကဌ Mr. B. D Agarwal အပါအဝင် EEPC မှ တာဝန်ရှိသူများ၊ အိန္ဒိယ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင် မည့်အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလား အလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံ ကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
#MyanmarNationalPost

No comments:
Post a Comment