MNP ၊ ဇွန် ၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းဟွေ့ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်မှ ၁၀ ရက်အထိ အန်းဟွေ့ပြည်နယ်၊ ဟွန်ရှန်းမြို့၊ ထွန်းရှီခရိုင်တွင် ကျင်းပခဲ့သည့် RCEP (Regional Comprehensive Economic Partnership) နိုင်ငံများ၏ ပြည်နယ်အစိုးရများနှင့် ချစ်ကြည်ရေး ညီအစ်မမြို့များအကြား ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (ဟွန်ရှန်း) သို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။
သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် ပြည်သူများအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ခြင်းမှာ နိုင်ငံများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ပြည်သူများအကြား ဆက်ဆံရေး တိုးမြှင့်ရန်အတွက်လည်း ပြည်သူများနှင့် နီးကပ်မှုရှိသည့် ပြည်နယ်အစိုးရများအကြား ဆက်ဆံရေး တိုးမြှင့်ခြင်းမှာ အရေးကြီးပါကြောင်း၊ ပြည်သူများအကြား ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ပြည်နယ်အစိုးရများအကြား ဆက်ဆံရေး တိုးမြှင့်ခြင်းမှာ RCEP အောက်မှ လွတ်လပ်သော ကုန်သွယ်မှုကဏ္ဍ တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ ယခုဖိုရမ်မှာ RCEP ဒေသတွင်းနိုင်ငံများမှ ပြည်သူများအကြား ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပသည့် အဓိပ္ပါယ်ရှိသော ဖိုရမ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း RCEP နိုင်ငံများမှ ဒေသအစိုးရများနှင့် မြို့များအကြား ချစ်ကြည်ရေး ညီအစ်မမြို့များ တည်ထောင်ထားရှိပြီး ပြည်သူများအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ RCEP ၏ စီးပွားရေးပေါင်းစည်းမှုနှင့် ချိတ်ဆက်၍ RCEP နိုင်ငံများ၏ ပြည်နယ်အစိုးရများအကြား အပြန်အလှန်သွားလာမှုများကို မြှင့်တင်သွားရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာသံအမတ်ကြီး သည် ပေကျင်းမြို့ အခြေစိုက် RCEP အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံတမန်များအား ဦးဆောင်၍ အန်းဟွေ့ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်လည်း တွေဆုံခဲ့ကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment