MNP ၊ ဇူလိုင် ၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်၍ စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လယ်ယာကုန်ထုတ်မှုတိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုပိုမိုများပြားလာကြောင်း သိရသည်။
ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မုဒုံမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၇၄၀၀၀ ကျော် စိုက်ပျိုးရန်လျာထားပြီး မေလမှစတင်စိုက်ပျိုးခဲ့ရာ ဇွန်လအထိ မိုးစပါးစိုက်ဧက ၅၀၀၀၀ ကျော်ကို စိုက်ပျိုးပြီးစီးနေပြီးဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခ သက်သာပြီး မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လုပ်ငန်းတွင် ကျယ်၍ ပြီးစီးမှုပိုမိုမြန်ဆန်ခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ကာ ပျိုးပင်များပြုစုထိန်းသိမ်းမှုလွယ်ကူစိတ်ချရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ထိုသို့ထွန်ယက်စိုက်ပျိုးရာတွင် တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍ လည်းကောင်း၊ မိမိပိုင်စက်ကိရိယာများဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ကျန်ရှိနေသေးသည့် စိုက်ဧကများကိုလည်း အချိန်မီဆောင်ရွက်ပြီးစီးအောင် ဆက်လက်ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သားငယ်
https://t.me/MyanmarNationalPost




No comments:
Post a Comment