ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန် - မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် နေပြည်တော်-ရန်ကုန်အဝေးပြေးလမ်းမကြီးရှိ လမ်းညွှန်းအမှတ်အသားများ တပ်ဆင်ထားရှိမှု သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန် - မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် နေပြည်တော်-ရန်ကုန်အဝေးပြေးလမ်းမကြီးရှိ လမ်းညွှန်းအမှတ်အသားများ တပ်ဆင်ထားရှိမှု သွားရောက်ကြည့်ရှုစစ်ဆေး


MNP ၊ ဇူလိုင် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန် - မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်းရှိ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် နေပြည်တော် - တောင်ငူ အဝေးပြေးလမ်းနှင့် ပဲခူး - ရန်ကုန် ပြည်ထောင်စုလမ်းပေါ်ရှိ လမ်းညွှန်း အမှတ်အသားများ တပ်ဆင်ထား ရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမြန်လမ်းမကြီးတစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူရေးဆွဲတပ်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန အမြန်လမ်းမကြီး ပြုပြင် ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး အဖွဲ့မှအင်ဂျင်နီယာချုပ်က အမြန်လမ်းမကြီးတစ်လျှောက်လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မိုင်တိုင် (၁၆၇) နေရာ၌ ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများပြည့်စုံအောင် စိုက်ထူရေးဆွဲထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရှိ ရန်ကုန် - တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ပဲခူး - ညောင်လေး ပင်လမ်းပိုင်း(CP-102)စီမံကိန်းရုံး ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့မီးရထားမှစီမံကိန်း မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် အပိုင်းလိုက်စီမံကိန်း အင်ဂျင်နီယာများက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အပိုင်း(၁)ဖြစ်သော ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်း၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေ၊ စီမံကိန်း ၏ သတ်မှတ်ကာလများအတိုင်း အချိန်မီပြီးစီးရေးညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းအရည်အသွေး ပြည့်မီစေရန်အတွက် သတ်မှတ်ထားသည့်ဒီဇိုင်းမှန်ကန်မှု၊ စီမံကိန်းတွင် တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာအသုံးပြုမှု၊ လုပ်ငန်းခွင်၌လုပ်သားများ၏ ကျွမ်းကျင်မှုစသည်တို့သည် အဓိကလိုအပ်ချက်များဖြစ်သောကြောင့် ဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာအကြံပေးအဖွဲ့နှင့် စီမံကိန်း ကန်ထရိုက်တာအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းအားအရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်စေရေး၊ ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဦးစားပေး လုပ်ငန်းအလိုက်အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး စီမံကိန်းတာဝန်ရှိသူများ ကို စားသောက်ဖွယ်ရာများနှင့် သစ်သီးခြင်းပေးအပ်သည်။

ထို့နောက် ဒိုက်ဦးဘူတာနှင့် အိမ်ခြေလေးဆယ် ဘူတာကြားရှိ အရှည်ပေ ၃၈၀ ရှိ ရဲနွယ်ချောင်းကူး (တံတားအမှတ် 116 - B) နှင့် ဒိုက်ဦး - စစ်တောင်းကားလမ်းပေါ် ရှိ ရထားသံလမ်းကူး (Level Crossing အမှတ် - 51) နေရာများတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ စီမံကိန်းလုပ်ငန်းခွင်ရှိ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ရန်ကုန် - မန္တလေး လမ်းဟောင်း နှင့် ပဲခူးမြို့တွင်းလမ်း လမ်းဆုံနေရာရှင်းလင်းဆောင်သို့ရောက်ရှိ ကြရာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကိုက်ညီပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ပြီးစီးမှု၊ အဆိုပါလမ်းဆုံနေရာတွင် ယခင်က ယာဉ်တိုက်မှုများပြားသောကြောင့် အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ အချက်ပြများ၊ လမ်းအမှတ်အသားများ တစ်ပြေးညီဖြစ်စေရေး ကြီးကြပ်မှု ကော်မတီ၏ ကွင်းဆင်းစစ်ဆေးအကြံပြုချက်များနှင့်အညီ ပြည့်စုံအောင်စိုက်ထူရေးဆွဲထားရှိမှုကြောင့် ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းခဲ့သည့် အခြေအနေရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရွာသာကြီးရှိ မြန်မာ့မီးရထားရွာသာကြီးကုန်းတွင်း ဆိပ် (Dry Port) သို့ ရောက်ရှိပြီး ရွာသာကြီးကုန်းတွင်းဆိပ် (Dry Port) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။  


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)