ဆီစက်လုပ်ငန်းရှင် (၈) ဦးကို မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေကျပ် (၇၉၃)သန်း ချေးငွေထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီစက်လုပ်ငန်းရှင် (၈) ဦးကို မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေကျပ် (၇၉၃)သန်း ချေးငွေထုတ်ပေး




MNP ၊ ဇူလိုင် ၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ဆောင်ရွက်သည့်ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကို မတည်ထူထောင်ထားရှိပြီး နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေကို အကျိုးရှိထိရောက်စွာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အသုံးပြုပြီး သတ်မှတ်ကာလအလိုက် အရင်း၊ အတိုး မှန်ကန်စွာပြန်လည်ပေးဆပ်ကြရန် လိုအပ်ပါကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်သည် ဆီစက်လုပ်ငန်းရှင်များအတွက်သာမက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေကြသည့် တောင်သူလယ်သမားများအတွက်လည်း အကျိုးရှိမည် ဖြစ်သည့်အတွက် ဆီစက်လုပ်ငန်းရှင်များ၊ တောင်သူများ၊ ဌာနဆိုင်ရာများ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ပေးနိုင်ရေး စိစစ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဆီစက်ချေးငွေ အဆိုပြုလျှောက်ထားသည့် လုပ်ငန်းများနှင့်စပ်လျဉ်း သည့်မှတ်တမ်း Video Clip ကို ပြသသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးခွင့်ရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့မှ ရန်နိုင်ဆီစက်လုပ်ငန်းရှင် ဦးရန်နိုင်ဝင်း၊ စိန်စီဆီစက်လုပ်ငန်းရှင်၊ ဦးကျော်သန်း ဆီစက်လုပ်ငန်းရှင်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ သိဒ္ဓိဆီစက်လုပ်ငန်းရှင်၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ မျိုးအောင်ဆီစက်လုပ်ငန်းရှင်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှ မြေလတ်ဆီစက်လုပ်ငန်းရှင်၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ မောင်ကောင်း ဆီစက်လုပ်ငန်းရှင်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ မြတ်သုခဆီစက်လုပ်ငန်းရှင်တို့ကို ဖွံ့ဖြိုးရေးချေးငွေများ ပေးအပ်ကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆီစက်လုပ်ငန်းရှင်များနှင့်အတူ ခင်းကျင်းပြသထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးကြသည်။


ယနေ့ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် (၅) ခုမှ ဆီစက်လုပ်ငန်းရှင် (၈) ဦးတို့ကို PFI ဘဏ်(၂)ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေကျပ် (၇၉၃)သန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်အတွင်းရှိ  စိန်စီဆီစက်နှင့် ဒေါင်းမင်းဆီစက် တို့သို့သွားရောက်၍ ဆီစက်လည်ပတ်နေမှု အခြေအနေများကိုကြည့်ရှုကာ လိုအပ်သည်များကို မှာကြာပြီး နေပြည်တော်တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်များဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment