MNP ၊ ဇူလိုင် ၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကချင်ပြည်နယ်မှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နိုင်ငံတော်အဆင့် ဆုရကျောင်းသား၊ ကျောင်းသူများ၊ (၆)ဘာသာ ဂုဏ်ထူးရှင်များ၊ (၅)ဘာသာနှင့် (၄)ဘာသာဂုဏ်ထူးရှင်များကို ဂုဏ်ပြုဆုချီးမြှင့်ပေးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၉၅၃၃) ဦးတွင် (၇၁၅၇) ဦး အောင်မြင်ခဲ့ရာ နိုင်ငံတော်အဆင့် အောင်ချက်ရာခိုင်နှုန်း (၇၄ ဒသမ ၀၃) ရရှိပြီး ဒုတိယဆုရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အခြေခံအချက်သည် ပညာတတ်များ ပေါများရေးဖြစ်ပါကြောင်း၊ နိုင်ငံ၏ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ဝန်ကြီးဌာနရှိ ဆရာဆရာမများ၊ ဝန်ထမ်းအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
ကချင်ပြည်နယ်ပညာရေးတိုးတက်ရန် နယ်ပယ်အသီးသီးက ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများ အားလုံးကို ပညာရေးဌာနကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း နိုင်ငံတော်ကအားကိုးရသည့် ထူးချွန်သည့်ပညာရှင်ကြီးများ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားပြီး ကချင်ပြည်နယ်ပညာရေးမှူးက ကချင်ပြည်နယ်၏ ပညာရေးဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူး အများဆုံး ရအောင်သင်ကြားပေးသည့် ဆရာဆရာမ (၃)ဦးနှင့်ကိုယ်ပိုင်ကျောင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တက္ကသိုလ်၏သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ အရည်အသွေးတိုးတက်ကောင်းမွန်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စီမံဘဏ္ဍာလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းအတွင်းတည်ဆောက်နေသည့်အဆောက်အဦများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment