MNP ၊ ဇူလိုင် ၂၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး (၅)ထပ်ဆောင် တည်ဆောက်နေမှုနှင့် ဓာတ်ခွဲနှင့် ဓာတ်မှန်ဌာနများ၌ လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက် များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အရည်အသွေးပြည့်ဝသော ဆေးကုသစောင့်ရှောက်မှုများ ပေးအပ်ရေး၊ လူနာများ စိတ်ချမ်းမြေ့စွာကုသမှုခံယူနိုင်ရေး၊ နွေးထွေးပျူငှာစွာ ပြောဆိုဆက်ဆံရေးနှင့် ပြည်သူများ အားကိုးအားထား ပြုရသည့် ဆေးရုံများဖြစ်စေရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အောင်လံမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မကြာမီသစ်လွင်ဆရာဝန်များ ထပ်မံခန့်ထားပေးမည်ဖြစ်ကြောင်း၊ သူနာပြုများကိုလည်း ဖြည့်ဆည်းခန့်ထား ပေးလျက်ရှိကြောင်း၊ ဒေသအလိုက် အချက်အခြာကျသည့် မြို့နယ်ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ ဖြည့်ဆည်းနိုင်ရေးအတွက် ကုသရေးဦးစီးဌာနသို့ တင်ပြ၍ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံ သို့ရောက်ရှိပြီး သွားနှင့် ခံတွင်းကုသမှုဌာန၊ ခွဲစိတ်ခန်းနှင့် ဆေးသိုလှောင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် လူနာများကို ဖြည့်စွက်အာဟာရများ ထောက်ပံ့ပေးအပ်၍ အားပေးစကား ပြောကြားသည်။
ထို့နောက် တောင်တွင်းကြီးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများကို ကျေးလက်ဒေသ အောက်ခြေအထိ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost


No comments:
Post a Comment