စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP ၊ ဇူလိုင် ၂၂

စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇီဝလောင်စာဓာတ်ငွေ့ ထုတ်လုပ်မှုသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လျော့ပါးသက်သာစေပြီး စွမ်းအင်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမားသည့် ထိရောက်မှုဖြစ်စေကြောင်း၊ အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများနှင့် ဇီဝလောင်စာများကို အဖိုးတန်စွမ်းအင်အရင်းအမြစ်များ အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် လောင်စာဆီများအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Gasifier နည်းပညာရပ်ကို ဒုတိယကမ္ဘာစစ်အတွင်း တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး မြန်မာနိုင်ငံတွင် ၁၉၉၅-၉၆ ခုနှစ်မှစတင်၍ အသုံးပြုခဲ့ပါကြောင်း၊ အစိုးရဓာတ်အားစနစ် မရောက်နိုင်သော ‌ဒေသများ၊ ဓာတ်အားစနစ် ရောက်ရှိသော်လည်း ဓာတ်အားလုံလောက်စွာ မရရှိနိုင်သောဒေသများတွင် အသုံးပြုခဲ့ကြကြောင်း၊ ကျေးရွာလျှပ်စစ် မီးလင်းရေးလုပ်ငန်းများနှင့် ဆန်စပါးထွက်ရှိသော ဧရာဝတီတိုင်းတွင် အများဆုံးအသုံးပြုခဲ့သည် တွေ့ရှိရကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် အသိပညာဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မိမိတို့ တာဝန်ယူ၊ တာဝန်ခံနိုင်မည့် ကဏ္ဍများ၊ အကြံပြုချက်များ၊ ပြုပြင်ရန်လိုအပ်သည်များကို ပွင့်လင်းစွာ ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဝန်ကြီးဌာနအနေဖြင့် Gasifier များ အသုံးပြုနေသည့် MSME လုပ်ငန်းရှင်များ၊ အတွေ့အကြုံရှိ ပညာရှင်များနှင့် သီအိုရီပိုင်းဆိုင်ရာ၊ လက်တွေ့ပိုင်းဆိုင်ရာများကို ပေါင်းစပ်ဆောင်ရွက်မည့် အခြေအနေနှင့် Gasifier နှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ စနစ်ကျသည့် Gasifier များ တည်ဆောက်အသုံးပြုနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က တိုင်းဒေသကြီးအတွင်း စပါးခွံလောင်စာများ အသုံးပြု၍ Gasifier များ တိုးမြှင့်သုံးစွဲနေမှု၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် Gasifier များ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုနှင့် Gasifier သုံး ဆန်စက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အနီးကပ် စောင့်ကြည့်စစ်ဆေးနေမှု အခြေအနေများကို ရှင်းလင်းပြော ကြားကြပြီး တာဝန်ရှိသူများက Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖော်ထုတ်ချက်များ၊ စပါးခွံလောင်စာတောင့်စက်ရုံ၏ စွန့်ပစ်ရည် စစ်ဆေးမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ Gasifier တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စပါးခွံလောင်စာသုံး Gasifier များ၊ Gasifier စာတမ်းများ၊ Gasifier သုံးအင်ဂျင်များနှင့် Gasifier အသုံးပြုနေမှု အခြေ အနေများကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့မှ MSME Agency ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ တာဝန်ရှိသူများသည် တက်ရောက်သည်။

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ထားသည့် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၇၈)ခု၊ ပဲခူးတိုင်းဒေသကြီးတွင် (၁၆)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၂)ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၃)ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃၀၃)ခု၊ စုစုပေါင်း (၄၁၂)ခုရှိပြီး ယင်းလုပ်ငန်း(၄၁၂)ခုအနက် ဆန်စက်လုပ်ငန်းတွင် အသုံးပြုနေသော Gasifier (၃၁၉)ခု ဖြစ်ပြီး အခြားလုပ်ငန်းတွင် အသုံးပြုနေသော Gasifier (၂၁)ခုရှိကြောင်း သိရသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲကို ဌာနများအလိုက် ဆောင်ရွက်မှုများအား ပြည့်စုံစွာဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် ကိုက်ညီစေရန်၊ ပြည်တွင်းမှ ထုတ်လုပ်မှုစွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ ပြည်တွင်းထုတ် Gasifier များဖြင့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ပေးနိုင်ရန်၊ Gasifier သုံး စက်မှုလုပ်ငန်းများကို အားပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားရရှိစေရန်၊ စွန့်ပစ်စပါးခွံများ စုပုံနေမှုမဖြစ်စေရန်၊ စွန့်ပစ်ပြာများကို ပြန်လည်အသုံးပြုနိုင်ရန်စသည့် ဆင့်ပွားအကျိုး ကျေးဇူးများရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)