ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


MNP ၊ ဇူလိုင် ၇

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များ၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အထူးအလေးထား စိစစ်သည့်နည်းလမ်းများကို ဆောင်ရွက်သည့်အခါတွင် လူသားချင်းစာနာမှုအတွက် အထောက်အပံ့ပေးသည့် ငွေကြေးများ၊ ပရဟိတအဖွဲ့အစည်း (NPO) များ၏ တရားဥပဒေနှင့် ညီညွတ်သောလုပ်ဆောင်ချက်များ၊ ငွေလွှဲပြောင်းမှုများကို အနှောင့်အယှက်မရှိစေရန် အလေးထားဆောင်ရွက်သင့်သည်ဟု ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) ၏စာတမ်းတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့သို့ တင်ပြရသည့် တိုးတက်မှုအစီရင်ခံစာပါ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (Action Plan)ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင် ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည့် APG Annual Meeting တွင် မြန်မာ-ICRG နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားသက်ဆိုင်သော APG Issue များ ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရ မဟုတ်သောအဖွဲ့အစည်း (NGO)၊ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့ (INGO) များ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာငွေလွှဲပြောင်းလက်ခံခြင်းများနှင့် စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် စံသတ်မှတ် လုပ်ထုံးလုပ်နည်း (SOP) များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက နိုင်ငံ၏အကျိုးစီးပွားအတွက် NPO အဖွဲ့အစည်းများကို FATF ၏ အကြံပြုချက်အမှတ် ၈ ပါ စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်း အဖွဲ့အစည်းများ၏ မှတ်ပုံတင်‌ဆောင်ရွက်မှုများ၊ MOU လက်မှတ်ရေးထိုးမှုများနှင့် ငွေလွှဲပြောင်းမှု များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် SOP၊ Guideline များနှင့် Timeline များ ချမှတ်‌ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက NGO နှင့် INGO အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ၎င်းတို့ တာဝန်ယူဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)