မြို့သစ်မြို့တွင် ခရမ်းချဥ်သီးစျေး ပြန်လည်ကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့တွင် ခရမ်းချဥ်သီးစျေး ပြန်လည်ကျဆင်း


MNP ၊ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး “ပဲ၊ ပြောင်း၊ စပါး၊ နှမ်းနှင့် မြေပဲ" တို့နှင့်အတူ မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကိုလည်း တွဲဖတ်စိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။


"ခရမ်းချဉ်သီးက မီးဖိုချောင်သုံး စားစရာရောင်းကုန်အဖြစ်နဲ့ အဓိက ရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၅၀၀/၁၀၀၀ ကျပ်ဈေးကနေ တဖြည်းဖြည်းတက်လာကာ တစ်ပိဿာ၂၈၀၀ ကျပ် ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုမိုးရာသီခရမ်းချဥ်သီးအသစ်ပေါ်ချိန်မှာ လက်လီဈေးတစ်ပိဿာ ၁ဝဝဝ/၁၅၀၀ကျပ်စျေးနဲ့ ရောင်းချရတဲ့အတွက် ခရမ်းချဉ်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန် ကြိုးစားရောင်းချနေကြရပါတယ်"ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။


မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက် မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိကထား စိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်၊ နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခုမြို့သစ်မြို့ ခရမ်းချဉ်သီးဈေးကွက်မှာ လက်ကားဈေးတစ်ပိဿာကို ၁၀၀၀/၁၅၀၀ ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။


"ဒီနှစ်ရာသီ အခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန် ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီးတစ်မျိုးတည်းသာ ကျပ် ၂၈၀၀ ဝန်းကျင်ကနေ ၁၀၀၀/၁၅၀၀ ကျပ်ဈေးအထိ ကျသွားခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးကတန့်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ်ဖြစ်နေတာပေါ့"ဟု မြို့သစ်မြို့နယ် ကျေးရွာများမှ စိုက်ခင်းပိုင်ရှင်တစ်ဦးက ဆက်လက်ပြောသည်။ မိုးတွင်း ရာသီများတွင် မိုးများပြီး ရေဝပ်လျှင် အပင်ဖြစ်ထွန်းမှုနည်းသကဲ့သို့ အပင်ငယ်ချိန်တွင် မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ အပင်ကြီးလာသောအခါတွင်လည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြု စိုက်ပျိုးရပြီး ဝါနေသော အရွက်များနှင့် လိပ်နေသော အရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)