အမျိုးသားပညာရေးစနစ် စတင်ထူထောင်သောနိုင်ငံမှာ ဂျာမနီ နိုင်ငံတော်ဖြစ်လာမည့်(ပရပ်ရှား)နိုင်ငံဟုဆရာတက္ကသိုလ်ဘုန်းနိုင်၏ ပညာ့သဘောစာအုပ်မှသိရသည်။ ၁၈၀၆ခုတွင်ပရပ်ရှားနှင့်ပြင်သစ် စစ်ဖြစ်ရာ ယေးနား=Jena မြို့တိုက်ပွဲ၌ ပရပ်ရှားတို့ ရုပ်ပျက်ဆင်းပျက် အတုံးအရုံးကျဆုံးပြီး အရှုံးပေးရသည်။ ပရပ်ရှားတမျိုးသားလုံး နှလုံးသားမှာ Disaster of Jena=ယေးနားကံဆိုးမိုးမှောင်ကျမှုအဖြစ် စိတ်ထိခိုက်ခံစားလိုက်ကြရသည်။ သို့သော်ပရပ်ရှားတို့သည် စိတ်ဒဏ်ရာကို မကျေနပ်မှုတွင်ရပ်မထား။ (အမျိုးသားရေးနိုးကြားဖို့)ဟူသော ကျင်စက်က ပရပ်ရှားတို့(ဇာတိမာန်)ကို နှိုးဆွခဲ့သည်။ အမျိုးသားစိတ်ဓာတ်ပြန်လည်ရှင်သန်ဖို့ ပညာရေးတိုးတက်ဖို့လိုသည်။ ပညာရေးမြင့်မားဖို့ ပရပ်ရှားအစိုးရက ပညာရေးစနစ်ကောင်းချရန် ၁၇၄၀ခုက အုပ်ချုပ်ခဲ့သည့် မဟာဖရက်ဒရစ်ဘုရင်အစပျိုးခဲ့သည့် ပညာရေးစနစ်ကို ပြန်လည်အကောင်အထည်ဖော်သည်။
၁၈၇၀ခုတွင် ပရပ်ရှားနှင့် ပြင်သစ်ပြန်လည်စစ်ဖြစ်ရာ ဆီးဒန်း=Sedan မြို့တိုက်ပွဲမှာ ပြင်သစ်တို့ မရှုမလှ အတုံးအရုံးကျဆုံး၊ အရှုံးပေး လက်နက်ချလိုက်ရသည်။ ထိုစစ်ပွဲကို Victory of Prussian Schoolmasters= ပရပ်ရှားကျောင်းဆရာတို့ အောင်ပွဲဟုသမိုင်းမှတ်တမ်းတင်ရသည်။ စဉ်းစားကြည့်ပါ။ ၁၈၀၆ခု ပရပ်ရှားတို့စစ်ရှုံးစဉ် မူ၊ လယ်၊ ထက်၊ တက္ကသိုလ်ရှိ ကျောင်းဆရာတို့ အသက်အကြီးဆုံးက ၆၀နှစ်၊ နောက်၅၀၊ ၄၀၊ ၃၀၊ အငယ်ဆုံးက၂၀နှစ်တန်း အရွယ်အသီးသီးရှိကြမည်။ သူတို့စိတ်ထဲမှ ာ(ငါတို့ခေတ်စစ်ရှုံးသွားရသည်၊ တို့တပည့်သားမြေးတွေခေတ်ပြန်နိုင်ရမည်) ဟုမာန်တင်း၍ တတ်သိသည့်ပညာတို့ကို ငွေကြေးနှင့်ရောင်းမစား အိတ်သွန်ဖာမှောက်ပေးကြမည်။ အသက်ကြီးဆုံး ဆရာက အသက်ငယ်ဆရာတွေကို တဆင့်ခြင်း နှုတ်ဆင့်ကမ်းဦးမည်။(ငါတို့တော့ စစ်နိုင်ခေတ်ကိုမမြင်နိုင်တော့။ "မင်းတို့...မင်းတို့ ခေတ်မှာ..")ဟု အသိအတတ်အပြင် သတိချပ်စရာတွေလည်း ပေးသွားကြမည်။ ကြည့်လေ၊ ၁၈၇၀ခုစစ်ပြန်နိုင်ချိန် ယခင်အသက်၃၀တန်း နှစ်အထက်တွေ ရှုံးကြွေးချေနိုင်လိုက်သည့် မျိုးဆက်သစ်တို့ အောင်ပွဲရလိုက်ကြသည်ကို သိမသွားရှာ။ ၁၈၀၆ ခုက အငယ်ဆုံးအသက်၂၀ တန်းသည်ပင် ထိုအချိန်မှာ ၈၄ နှစ်အရွယ်အဖိုးအို၊ အဖွားအို။
တပည့် စစ်သားလေးတို့ဘက်က တွေးကြည့်ပါဦး။ ၁၈၀၆ စစ်ရှုံးစဉ်ကမွေးသည့်သူပင် ၁၈၇၀စစ်နိုင်ချိန်မှာ အသက်၆၄နှစ်ရှိ အငြိမ်းစားအရွယ်၊ စစ်တိုက်နိုင်သည့်အရွယ်မဟုတ်၊ နိုင်ငံချစ် အဖေအို အမေအိုပြည်သူတွေဘဝ။ ၈၄နှစ်အရွယ် အဖိုး အဖွားအို မျိုးဆက်တို့က ၆၄နှစ်အရွယ်မိအို ဖအိုမျိုးဆက် တို့ကို(ငါတို့အသက်၂၀တုန်းက နိုင်ငံလူမျိုး ရင်ကျိုးခဲ့ရသည့်အရှုံးရှိခဲ့သည်။ မင်းတို့ခေတ်မှာ လက်မထောင်နိုင်တဲ့နိုင်ငံထူထောင်)ဟု မှာခဲ့ပေမည်။ ၆၄ နှစ်အရွယ် မျိုးဆက်တို့ကလည်း သူတို့ခေတ်မှာမဖြစ်သေး၍ သူတို့သားမြေးမြစ်တွေကို ရင်နင့်ကျေကွဲရသည့် ၁၈၀၆ခုက စစ်ပွဲအကြောင်းနှုတ်ဆင့်ကမ်း (သားတို့ သမီးတို့ မြေးတို့ မြစ်တို့ရဲ့ ထက်မြက်ဉာဏ်စွမ်းနဲ့ နိုင်ငံလူမျိုးကို မြင့်တင်ကြစမ်း)ဟု မျိုးချစ်စိတ် ဇာတိမာန်ရှင်သန်ရန် အဖန်ဖန်တိုက်တွန်းခဲ့ကြမည်။ ထို့ကြောင့် ၁၈၀၆ နောက်ပိုင်းမွေးအသက်၂၀၊ ၃၀၊ ၄၀၊ ၅၀နှစ်တန်းတို့ နှလုံးသားမှာ နိုင်ငံကိုထူထောင်မှ ဖြစ်မည်ဟူသော အသိတရားတို့ ရှိခဲ့ကြရာ အားမာန်ပြည့်လာသော ၁၈၇၀ခု၌ ပြင်သစ်တို့ကို ပြန်လည်ရင်ဆိုင်သည်။ ရှုံးကြွေးကျေရုံမက ဥရောပစင်မြင့်မှာ ဂျာမနီနိုင်ငံဟု ဝင့်ထယ်နိုင်သောအမြတ်ကြီးကြီး ပင်ရလိုက်သည်ကယနေ့ထိ။
ပြင်သစ်တို့လည်း ငယ်နိုင်ပရပ်ရှားကို ဘာ့ကြောင့်ခွက်ခွက်လန်အောင်ရှုံးရသလဲ အကြောင်းရှာသည်။ ပရပ်ရှားတို့က သူတို့ထက် ပညာသာ၍ ဟူသောအဖြေတွေ့လျှင် ပရပ်ရှားလိုပင်(အမျိုးသားပညာရေးစနစ်)ကို မူလတန်းမှ တက္ကသိုလ်ထိအုပ်ချုပ်သူ အစိုးရကပြုပြင်တော့သည်။ ဤသို့ဖြင့် ဥရောပနိုင်ငံတွေမှာ ကိုယ့်နည်းကိုယ့်ဟန် ကိုယ်ပိုင်ဉာဏ်ဖြင့်အမျိုးသားပညာရေးစနစ်ကို ၁၉ရာစုမှ စအလေးပေးခဲ့သည်မှာယနေ့အထိ။ စစ်ဖြစ်လျှင် လက်နက်အင်အားကြီးသူက နိုင်မည်။ လက်နက်ကောင်းပိုင်ဖို့ ပညာအင်အားသာရမည်။ ၎င်းကို ဥရောပက အာရှထက်အသိဦး၍ ဂျပန်မှအပ ကျန်အာရှနိုင်ငံတို့ ဥရောပတို့ အသိမ်းပိုက်ခံဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးရပြီး ကိုလိုနီနိုင်ငံမှန်သမျှ အမျိုးသားပညာရေးစနစ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ချီတက်ရာ အိန္ဒိယ၊ တရုတ်၊ ကိုရီးယားတို့ တဟုန်ထိုးတိုးတက်သည်။ သို့ငြား မြန်မာနိုင်ငံက တဖြည်းဖြည်းကျဆင်းရာက ၂၀၁၆-၂၀၂၃ အမျိုးသားပညာရေး မဟာဗျူဟာစနစ် အကောင်ထည်ဖော်ပြီးချိန်မှာတော့ မြောင်းထဲကျသွားပြီ။ မြောင်းမှ ညစ်ပတ်စုတ်ပြတ် နံစော်နေသော မသတီစရာမြောင်း။
အမျိုးသားပညာရေးစနစ်ဆို၍ ပညာရေးနယ်မှမဟုတ်သူတို့ နားမလည်နိုင်သည့်စကားမဟုတ်ပါ။ ဝိဇ္ဇာ=အသိ နှင့် သိပ္ပ=အတတ် ဟူသည် မြန်မာတို့ရင်းနှီးပြီးသား။ အသိတွင်(စိတ်ဓာတ်၊ သဘောထား၊ စာရိတ္တ၊ ဗြဟ္မစိုရ်တရား)တို့ ပါဝင်ပြီး အမြင့်ဆုံးအသိတရားက သူတော်ကောင်းဥစ္စာ (၇)ပါး= သဒ္ဓါ၊ သီလ၊ စာဂ၊ သုတ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ တို့ဖြစ်သည်။ အတတ်ဟူသည်(ဓာတု၊ ရူပ၊ သင်္ချာ၊ သမိုင်း၊ ပထဝီ၊ ဘောဂ) စသည့် ပညာရပ်အသီးသီးဖြစ်သည်။ ထို အသိဝိဇ္ဇာနှင့်အတတ်သိပ္ပံတို့ကို ကိုယ့်အမျိုးသားတွေပိုင်ပိုင်နိုင်နိုင်ရအောင် လုပ်ဆောင်ပေးသော ပညာရေးစနစ်သည် အမျိုးသားပညာရေးစနစ် အစစ်ဖြစ်သည်။
ပရပ်ရှားကိုပြန်ကြည့်ပါ။ အသိအတတ်ရအောင် ပညာရေးစနစ်ချခဲ့၍ ညံ့သူကတော်၊ တော်သူကထက်မြက် ပရပ်ရှားနိုင်ငံသားတို့ ဉာဏ်ရည်မြင့်တက်လာသည်။ ထို့ပြင် စိတ်ဓာတ်မြင့်မားလာ၍ နိုင်ငံသားအချင်းချင်း ရိုင်းပင်းစည်းလုံးလာသည်။ ညီညွတ်သည့်ပြင် စည်းကမ်းရှိလာသည်။ နိုင်ငံနှင့်လူမျိုးကို (ချစ်သော၊ စောက်ရှောက်သော၊ တိုးတက်စေချင်သော၊ အသိတရားပြည့်သော၊ တာဝန်သိသစ္စာရှိသော) ပရပ်ရှားတွေဖြစ်လာသည်။ လက်နက်နှင့် ကုန်ပစ္စည်းတွေ ထုတ်သည့် အတတ်ပညာရှင်နှင့် နိုင်ငံ လူမျိုးချစ်သည့် သတ္တိအသိတရားပြည့်ဝသူတွေ ပေါင်းကာ လူတွင်ကျယ်ပြင်သစ်ကို ဖြိုချနိုင်ခဲ့သည်။
ဂျပန်ကိုကြည့်။ ၁၉၄၅စစ်ရှုံးချိန်မှာပြာပုံ။ စစ်လျော်ကြေးတွေ ပေးဆပ်ရသည်။ အမျိုးသားပညာရေးစနစ်(အစစ်)ဖြင့် နိုင်ငံကို မြှင့်တင်ခဲ့ရာ ယခုအခါ ဓနအင်အားကြီးနိုင်ငံဖြစ်နေပြီ။ တရုတ်ကိုလေ့လာ။ အနုမြူဗုံး စတင်ထုတ်လိုက်စဉ်က တရုတ် ၈၀% အင်္ဂလိပ်စာမတတ်။ အမျိုးသားပညာရေးစနစ်ကောင်းက ပညာရပ်ကို တတ်သိကျွမ်းကျင်စေရမည်။လက်နက်ဗုံး၊ လူသုံးပစ္စည်းတွေ တည်ထွင်၊ မြင်ကတုပလုပ်နိုင်ရမည်။ အင်္ဂလိပ်စာ စကားထက် ဓာတု၊ ရူပစသည့်သိပ္ပံပညာရပ်တွေ တကယ်တတ်သိဖို့ အရေးကြီးသည်။ ၎င်းကို တရုတ်၊ ကိုရီးယား၊ ဂျပန်တို့ကကျင့်သုံးသည်။ သူတို့ကျောင်းသင်ပညာမှာ KG ၌ အင်္ဂလိပ်စာမသင်။ လယ်၊ ထက်နှင့် တက္ကသိုလ်တွင်အ င်္ဂလိပ်ဘာသာရပ်မှအပ ပညာရပ်တွေကို မိခင်စာနှင့်သင်ကြားသင်ယူ။ အကျိုးက သိပ္ပံပညာရပ် သင်ယူသူအားလုံး အသိအတတ်မြန်သလို သိပြီးတတ်ပြီးပညာတွေ မမေ့တော့။ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့၌ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်စသည့် ဥရောပစာပေတို့ကို မိခင်စာကဲ့သို့ နားလည်တတ်ကျွမ်းအောင် သင်ယူသူ ၃၀% က ဥရောပမှ သိစရာဘာသာရပ်တွေကို မိခင်စာပေဖြင့် ဘာသာပြန်၊ ကျန်၇၀% က ပညာရပ်တွေကို မိခင်စာဖြင့်လေ့လာ။ ပြင်သစ်၊ ဂျာမနီ၊ ရုရှ စသည့် ဥရောပကလည်း မိခင်ဘာသာဖြင့်ပညာရပ်ကို သင်ယူပြီး နိုင်ငံခြားဘာသာသင်ယူသူတို့က မိမိလေ့လာ ဘာသာခြားမှ ပညာရပ်ကို မိခင်စာပေဖြင့် မိမိနိုင်ငံသား (အများစု) သိအောင် ဘာသာပြန်ပေးကြသည်။ ပညာရေးတိုးတက်နေသော နိုင်ငံတိုင်း ပညာရပ်တို့ကို မိခင်စာဖြင့် လေ့လာသင်ယူကြခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားမြင်နိုင်ပါသည်။ မိခင်စာပေဖြင့် သင်ယူသောကြောင့် လေ့လာသမျှ သိတတ်ကာ တတ်သိကျွမ်းကျင်သူက ရာနှုန်းပြည့်ဖြစ်သည်။
မြန်မာ့ပညာရေးသမိုင်းတွင် အမျိုးသားပညာရေးစနစ် စတင်ထူထောင်နိုင်ခဲ့ချိန်က 17-12-1920 နေ့ဖြစ်သည်။ ၁၈၂၆ခုပထမအကြိမ်ရခိုင်၊ တနင်္သာရီကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးကတည်းက ကျွန်ပညာရေးစနစ်ထူထောင်ထားသည်။ ၁၈၈၅ခု တပြည်လုံးသိမ်းပိုက်ပြီးချိန်မှ ာကျွန်ပညာရေးက အသားကျသွားပြီ။ သို့သော် 5-12-1920 =၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ ကိုဘဦး၊ ကိုဖိုးကျား စသူတို့ တက္ကသိုလ်ပညာရေးကို သပိတ်မှောက်ရာက၊ ပထမအကြိမ်ကျောင်းသားသပိတ်ဖြစ်ပေါ်ပြီး ကျွန်ပညာရေးပေးသင်ရိုးစာအုပ်တွေကို မသင်ယူ၊ အမျိုးသားပညာရေးကို ယူဖို့ 17-12-1920မှာ အမျိုးသားအထက်တန်းကျောင်း (ယခု ဒဂုံ ထ-၂)စတင်ဖွင့်သည်။ ၁၉၂၁ ခုတွင် အမျိုးသားပညာရေး(သင်ရိုးသစ်) ကျောင်းသစ်များဖြစ်ပေါ်ခဲ့သည်မှာ ၁၉၄၈ထိဖြစ်သည်။ အင်္ဂလိပ်အစိုးရကျောင်းတွေက ကျွန်ပညာပေးသည်။ ဦးဖိုးကျားသည် အမျိုးသားကျောင်းများ၏ ပညာဝန်ဖြစ်လာရာ မျိုးချစ်စိတ် ဇာတိမာန်ရှင်သန်စေသော မြန်မာ၊ အင်္ဂလိပ်စာပေများနှင့် ရာဇဝင်တွင်လည်း အင်္ဂလိပ်တို့က သမိုင်းမှားသင်ရိုးများ သင်စေသည်ကိုပယ်ဖျက် အသစ်ပြုစုသင်ကြားခဲ့သည်။ ၁၉၂၀မတိုင်ခင် အင်္ဂလိပ်အစိုးရကျောင်းက (ဋ၊ဌ၊ဍ၊ဎ၊ဏ၊ဠ)ဗျည်း ၆ လုံးဖြုတ်သင်သည်ကို အမျိုးသားကျောင်းက ပယ်ဖျက်ပြီးဗျည်း ၃၃လုံးအပြည့်သင်ခဲ့သည်။ အသက် မွေးဝမ်းကျောင်းပညာကိုလည်းသင်ပေးသည်။ ကိုယ့်မင်းကိုယ့်ချင်းမဟုတ်၍ အစိုးရထောက်ပံ့မှုမရသလောက်ဖြစ်ခဲ့၍ အတတ်ဘက်မှာချို့တဲ့ခဲ့သော်လည်း စာရိတ္တ၊ ဗြဟ္မစိုရ်၊ နိုင်ငံလူမျိုးချစ်မြတ်နိုး အသိတရားက အမျိုးသားပညာရေးကြောင့် ၁၀၀% ရခဲ့သည်။နိုင်ငံလူမျိုး ကျွန်ဘဝကလွတ်အောင် သင်ပေး၍ အမျိုးသားစစ်သည်တော်လောင်းများ မွေးထုတ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်က သက်သေဖြစ်သည်။ လွတ်လပ်ရေးရသောအခါ အမျိုးသားကျောင်းတို့သည်အစိုးကျောင်းဖြစ်လာပြီး ဦနုအစိုးရက အမျိုးသားပညာရေးစနစ် ပို၍ ပီပြင်အောင်လုပ်ဆောင်ခဲ့သည်။
ဦးနေဝင်းအစိုးရခေတ် ၁၉၆၄တွင်ဖ.ဆ.ပ.လ ခေတ်က တက္ကသိုလ်ပညာရပ်ကိုတက္ကသိုလ် ၂နှစ်တက်ပြီးမှ ဝါသနာပါရာယူစနစ်ကိုဖျက်၍ ပညာရေးဝန်ကြီးဒေါက်တာညီညီ တီထွင်သော တက္ကသိုလ်ကို အမှတ်စနစ်ဖြင့်ဝင်ခွင့်ပြုခြင်း၊ schlorship ပညာသင်ဆုအစား လူရည်ချွန်စနစ်ပြောင်းခြင်းတို့က အမျိုးသားပညာရေးစနစ်ကောင်း စတင်ဖျက်ခဲ့ခြင်းဖြစ်သည်။ ပညာရေးစနစ်ကောင်း ဖျက်သူတရားခံမှာ ဒေါက်တာညီညီ ဟု ထိုခေတ် ပညာရှင် ဒေါက်တာမောင်မောင်ကြီးက မှတ်တမ်းတင်ထားသည်။ ဒေါက်တာညီညီ က စနစ်ကိုဖျက်နိုင်သော်လည်း သင်ရိုးကိုမဖျက်နိုင်။ဘာသာရပ် သင်ရိုးများက ဆရာကြီးဇော်ဂျီ ဦးဆောင်သော အမျိုးသားပညာရေး အထောက်ပံ့ကောင်းစနစ်ဖြစ်ရာ ဦးနေဝင်းခေတ်ပညာရေး Cမျိုးဆက်သည်ပညာရည်မညံ့ပေ။ ဒေါက်တာပဒေသာတင်၊ ဒေါက်တာစောဝေလှတို့လို ကမ္ဘာ့ထူးချွန်ထက်မြက် စာရင်းပါသူများပေါ်ပေါက်ခဲ့သည်က သက်သေ။ လူရည်ချွန်စနစ်နှင့် တက္ကသိုလ်ဝင်ခွင့် အမှတ်စနစ်က ငွေရှင်၊ ပညာရှင်၊ အာဏာရှင်လူတန်းစားတို့သာ အကျိုးရှိစေသော စနစ်ဖြစ်သည်။
(ရှေ့တပတ်ဆက်ရန်)
ကိုဌေး(နတ်မောက်)
#MyanmarNationalPost

No comments:
Post a Comment