ငါးမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး ရေအရည်အသွေး ဂရုစိုက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး ရေအရည်အသွေး ဂရုစိုက်ပေး




ဝါဝါဖူး (Ph.D) (မွေးသု-မန်း)

ငါးသည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုဟင်းလျာတွင် နေရာယူထားလျက်ရှိနေပေသည်။ မြန်မာလူမျိုးအများစုမှာ ရေငန်ငါးများထက် ရေချိုငါးများကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံတွင် မြစ်ချောင်း အင်းအိုင်များပေါများသည့်အလျောက် ပြည်တွင်းငါးစားသုံးမှုအတွက် အထောက်အကူပြုလျက်ရှိပါသည်။ ငါးသည် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ မွေးမြူရေးတိရစ္ဆာန်အသားနှင့်နှိုင်းယှဉ်ပါက ဈေးသက်သာသောကြောင့် လူအများဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်အမယ်တစ်ခုလည်း ဖြစ်ပါသည်။


ငါးမွေးမြူရေးလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ငါးများ၏ ကျန်းမာရေးကောင်းမွန်မှုသည် ရေ၏ အရည်အသွေးကောင်းမွန်မှုအပေါ်တွင် များစွာမူတည်နေသကဲ့သို့ ရေ၏ အရည်အသွေးလိုအပ် ချက်သည်လည်း ငါးအမျိုးအစားနှင့် အရွယ်အစားပေါ်တွင် အပြန်အလှန်မူတည်နေပါသည်။ ငါးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ရေ၏ အရည်အသွေးဆိုင်ရာအချက်အလက်များကို နားလည်သဘောပေါက်ထားရန် လိုအပ်ပြီး အဓိကကျသည့် ရေ၏အရည်အသွေးဆိုင်ရာ အချက်အလက်များ ဖြစ်သောအပူချိန်၊ ပျော်ဝင်အောက်ဆီဂျင်၊ ချဉ်ဖန်နှုန်း၊ ရေကြည်နှုန်း၊ ရေတွင်ပါဝင်သော အမိုးနီးယား၊ နိုက်ထရိတ်နှင့် နိုက်ထရိုက်တို့အပေါ် မှီတည်နေပါသည်။


အပူချိန်

ငါးများသည် လူနှင့် အခြားနို့တိုက်သတ္တဝါများကဲ့သို့ သွေးနွေးသတ္တဝါများမဟုတ်ဘဲ သွေးအေး သတ္တဝါဖြစ်သည့်အတွက် ၎င်းတို့၏ ကိုယ်အပူချိန်အား ထိန်းသိမ်းထားနိုင်မှုမရှိဘဲ ပတ်ဝန်းကျင်၏ အပူချိန်ပေါ်တွင်မူတည်ပြီး ၎င်းတို့၏ ဇီဝကမ္မဖြစ်စဉ်များသည် ပြောင်းလဲလျက်ရှိသည်။ ငါးသတ္တဝါများ အားလုံးသည် အမျိုးအစားအလိုက် အသက်ရှင်နေထိုင်နိုင်သည့် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်များရှိကြပြီး ၎င်းအပူချိန်များအတွင်းတွင်သာ အသက်ရှင်နိုင်ကြပါသည်။ ဥပမာအားဖြင့် တီလားပီးယားငါးများသည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၁၂ မှ ၁၃ ဒီဂရီစင်တီဂရိတ်အတွင်း ခံနိုင်ရည်ရှိပြီး ယင်းအပူချိန် များထက်မြင့်မားခြင်း၊ နိမ့်ကျခြင်းများဖြစ်ပါက သေဆုံးနိုင်ပါသည်။


ပတ်ဝန်းကျင်အပူချိန် ပြောင်းလဲလျက်ရှိသော်လည်း ပမာဏကြီးမားသော ငါးမွေးကန်များတွင် ရေ၏ထုထည်ပမာဏများပြားသည့်အတွက် ပြောင်းလဲလျက်ရှိသည့် ပတ်ဝန်းကျင်အပူချိန်အတိုင်း လိုက်ပါပြောင်းလဲခြင်းမရှိဘဲ ရေ၏အပူချိန်သည် အထိုက်အလျောက် တည်ငြိမ်နေလေ့ရှိပါသည်။ သို့ရာတွင် တစ်နိုင်တစ်ပိုင် ငါးမွေးမြူကန်များ၊ သုတေသနများပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသော ကန်ငယ်များ၌ အပူချိန်ပြောင်းလဲမှုသည် ရေပမာဏနည်းပါးသည့်အတွက် ပတ်ဝန်းကျင်အပူချိန် အတိုင်း လိုက်ပါပြောင်းလဲမှုပိုမိုလျင်မြန်ပါသည်။ ထို့ကြောင့် ကန်ငယ်များဖြင့်မွေးမြူလျှင် ရေအပူချိန် ပြောင်းလဲမှုကို ပို၍သတိပြုထိန်းသိမ်းရန် လိုအပ်ပါသည်။


ငါးများသည် တဖြည်းဖြည်း အပူချိန်ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသော်လည်း ရုတ်တရက် အလျင် အမြန် အပူချိန်ပြောင်းလဲမှုကို ခံနိုင်ရည်မရှိဘဲ သေဆုံးနိုင်ပါသည်။ ငါးများအား တစ်ကန်မှ တစ်ကန်သို့ ရွှေ့ပြောင်းမည်ဆိုပါက ပြောင်းရွှေ့မည့်ကန်များ၏ ရေအပူချိန်တူညီမှသာ ရွှေ့ပြောင်းပေး ရမည်ဖြစ်ပါသည်။ မွေးမြူထားသောကန်များ၌ အပူချိန်မြင့်မားမှုကို ကာကွယ်နိုင်ရန်အတွက် အရိပ်ရသောပိုက်စများ၊ ဗေဒါပင်များနှင့် ဘဲစာရွက်များ စိုက်ထားခြင်းဖြင့် အပူဒဏ်ကာကွယ်နိုင်ပါသည်။


ပျော်ဝင်အောက်ဆီဂျင်

ငါးများသည်လည်း လူများကဲ့သို့ပင် အသက်ရှင်သန်ရန် အောက်ဆီဂျင်လိုအပ်ပြီး လေထုအတွင်းမှ အောက်ဆီဂျင်ကို တိုက်ရိုက်သုံးစွဲနိုင်သော လေရှူငါးများမှအပ ကျန်ငါးများသည် ရေထုအတွင်း ပျော်ဝင်အောက်ဆီဂျင်ကို ရယူသုံးစွဲပါသည်။


ရေထုအတွင်း ပျော်ဝင်နေသော ပျော်ဝင်အောက်ဆီဂျင်၏ အများဆုံးပျော်ဝင်မှုပမာဏသည် အပူချိန်၊ ကန်တည်ရှိရာဒေသ၏ ပင်လယ်ပြင်အထက်အမြင့်ပေနှင့် ရေ၏ဆားပျော်ဝင်မှုပမာဏ တို့အပေါ်တွင်မူတည်၍ ပြောင်းလဲနေပါသည်။ ကန်ရေအတွင်းပျော်ဝင်နေသော အောက်ဆီဂျင်ကိုငါးများအပြင် ကန်အတွင်းရှိ ဗက်တီးရီးယားပိုးမွှားများ၊ ရေအောက်အပင်များ စသည်တို့ကလည်း ရယူအသုံးပြုကြပါသည်။


အောက်ဆီဂျင်ပျော်ဝင်မှုသည် ရေမျက်နှာပြင်တွင် ပိုမိုမြင့်မားပြီး ကန်အောက်ခြေရေလွှာများတွင် လျော့နည်းပါသည်။ ရေထုအတွင်းသို့ ပျော်ဝင် သည့်အောက်ဆီဂျင် ပျော်ဝင်နှုန်းလျော့နည်းလာပါက ကန်အောက်ခြေရေလွှာတွင် အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပေါ်လာပြီး ငါးများသည် ရေ မျက်နှာပြင်တွင်ကပ်၍ အသက်ရှူနေရပြီဆိုလျှင် ကန်အတွင်းသို့ အောက်ဆီဂျင်ပိုမိုပျော်ဝင်စေရန် ရေပန်းများပြုလုပ်ပေးခြင်း၊ လေပေးစက်ဖြင့် စုပ်ယူပြီးရေထုအတွင်းသို့ မှုတ်သွင်းခြင်းစသည့် နည်းလမ်းများဖြင့် ကန်ရေအတွင်းသို့ ပျော်ဝင်အောက်ဆီဂျင်ပိုမိုရရှိစေရန် ဆောင်ရွက်ပေးရပါမည်။


ငါးမွေးမြူသူများ သတိပြုသင့်သောအချက်မှာ အပူချိန်မြင့်မားလေ အောက်ဆီဂျင်ပျော်ဝင်မှု နည်းပါးလာလေဖြစ်ပြီး ငါးများ၏ ကြီးထွားနှုန်းလည်း ကျဆင်းသွားပါသည်။ ငါးများသည် မြင့်မား သောရေ၏ အပူချိန်ကိုခံနိုင်ရန် စွမ်းအင်ထုတ်လုပ်မှုအတွက် အောက်ဆီဂျင်ကို   ပိုမိုအသုံးပြုကာ အညစ်အကြေးကို ပိုမိုစွန့်ထုတ်လာကြသလို အညစ်အကြေးများအားစားသုံးသည့် ဗက်တီးရီးယား ပိုးမွှားများသည်လည်း အများအပြားပွားများလာကြပြီး ၎င်းဗက်တီးရီးယားများကလည်း အောက်ဆီဂျင် ကို စုပ်ယူသုံးစွဲသည့်အတွက် ရေထုအတွင်း ပျော်ဝင်အောက်ဆီဂျင်ကျဆင်းလာမှုကို ပိုမိုဖြစ်ပေါ်စေပါသည်။ ငါးများအတွက် အသင့်လျော်ဆုံးအပူချိန်ထက် ရေထု၏အပူချိန်ကျော်လွန်လာပါက ငါးများအားအစာကျွေးမှုကို လျှော့ချဖြတ်တောက်ပေးရန် လိုအပ်ပါသည်။


ကန်အတွင်းရှိ သက်ရှိအစာများဖြစ်သော အပင်မျှောလှေးများ၊ ရေမှော်ပင်များနှင့် အခြားသော ရေနေအပင်များသည် နေ့အချိန်တွင် အစာချက်လုပ်ခြင်းဖြင့် ရေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် အားစုပ်ယူသုံးစွဲပြီး အောက်ဆီဂျင်ကို ဘေးထွက် ပစ္စည်းအဖြစ် ထုတ်လွှတ်ပေးကာ ညအချိန် အလင်းရောင်မရရှိချိန်မှာ အစာချက်လုပ်ခြင်းမရှိသည့်အတွက် အောက်ဆီဂျင်ထုတ်လုပ်မှုသည်လည်း ရပ်ဆိုင်းသွားသကဲ့သို့ အပင်များသည်လည်း ညအချိန်တွင် ငါးများနည်းတူ အောက်ဆီဂျင်ရယူသုံးစွဲသဖြင့် ရေထု၏ ပျော်ဝင်အောက်ဆီဂျင်သည် တစ်ညလုံး ဆက်လက်ကျဆင်းနေပြီး နံနက်နေမထွက် ခင်အချိန်တွင် အနိမ့်ဆုံးသို့ ကျဆင်းသွားသဖြင့် ညအချိန်တွင် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင် ရရှိစေရန် လေပေးစက်၊ ရေဒလက်ပန်ကာများဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ရေထု၏ ပျော်ဝင်အောက်ဆီဂျင်ကို နေမထွက်ခင်အချိန်တွင်  တိုင်းတာ စစ်ဆေးရမည်ဖြစ်ပါသည်။


ချဉ်ဖန်နှုန်း

ကန်ရေထုသည် အချဉ်ဓာတ်ဂုဏ်သတ္တိ သို့မဟုတ် အဖန်ဓာတ်ဂုဏ်သတ္တိရှိသည့်အတွက် ချဉ်ဖန်မှုစကေး (pH Scale) ဖြင့် တိုင်းတာနိုင်ပြီး ချဉ်ဖန်မှုစကေး ၁ မှ ၆ သည် အချဉ်ဓာတ်ရှိနေခြင်း နှင့် ၈ မှ ၁၄ သည် အဖန်ဓာတ်ရှိနေခြင်းတို့ကို ဖော်ပြပါသည်။ အမှတ် ၇(pH 7)သည် အချဉ်ဓာတ် လည်းမရှိ အဖန်ဓာတ်လည်းမရှိသည့် စံပြုအမှတ်ဖြစ်ပြီး ငါးမွေးမြူရေးအတွက် သင့်လျော်သော ချဉ်ဖန်မှုစကေးသည် အမှတ် ၆ မှ ၈ အတွင်းဖြစ်ပါသည်။ ချဉ်ဖန်နှုန်းစကေးတွင် တစ်ယူနစ်ပြောင်းလဲမှုသည် ရေ၏အရည်အသွေးပိုင်းတွင် ပြောင်းလဲမှုများစွာဖြစ်ပေါ်စေကာ ကန်ရေ၏ ချဉ်ဖန်နှုန်းပြောင်းလဲမှုသည် ပျော်ဝင်လျက်ရှိသော ပျော်ဝင် အောက်ဆီဂျင်နှင့်လည်း သွယ်ဝိုက်၍ ပတ်သက်နေပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက်သည် အချဉ်ဓာတ်ဂုဏ်သတ္တိရှိသော အက်စစ်ဖြစ်သည့်အတွက် အပင်မျှောလှေးများ၊ ရေမှော်ပင်များနှင့် အခြားရေနေအပင်များမှ အစာချက်လုပ်သည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ ရေထုအတွင်းမှ အချဉ်ဓာတ်များ လျော့နည်းလာသည့်အတွက် ကန်ရေ၏ ချဉ်ဖန်နှုန်းသည် အဖန်ဓာတ်ဂုဏ်သတ္တိသို့ ပြောင်းလဲလာပါသည်။


ရေငန်နှင့်နှိုင်းယှဉ်ပါက ရေချိုကန်များ၏ ချဉ်ဖန်နှုန်းသည်ပိုမို၍ ပြောင်းလဲရန်လွယ်ကူသဖြင့် မိုးရွာသွန်းသောနေ့များတွင် ကန်ပေါင်မှ အချဉ်ဓာတ်ဂုဏ်ရှိသောမြေသားများ ကန်အတွင်းသို့ဝင် ရောက်လာပြီး ကန်၏ချဉ်ဖန်နှုန်းကို ကျဆင်းစေတတ်ပါသည်။ ထို့ကြောင့် ကန်ရေ၏ ချဉ်ဖန်နှုန်းကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်သော နည်းလမ်းမှာ ထုံးမှုန့်ကို ကန်ရေမျက်နှာပြင်အနှံ့ ဖြူးပေးခြင်း ဖြစ်ပါသည်။ ကန်ရေ၏ ချဉ်ဖန်နှုန်းကို တိုင်းတာရာတွင် ချဉ်ဖန်နှုန်းတိုင်းစက္ကူ(pH test strips)ဖြင့် တိုင်းတာခြင်း၊ ဓာတုဆေးရည်ဖြင့် တိုင်းတာခြင်းနှင့် လျှပ်စစ်စမ်းသပ်ကိရိယာဖြင့် တိုင်းတာခြင်း စသည်ဖြင့် အမျိုးမျိုးတိုင်းတာနိုင်ပါသည်။


ရေကြည်နှုန်း

ငါးကန်၏ သဘာဝအစားအစာပေါကြွယ်ဝမှုအခြေအနေ၊ ပျော်ဝင်အောက်ဆီဂျင်လျော့နည်းမှု ဖြစ်နိုင်ခြေစသည်တို့ကို ရေကြည်နှုန်းတိုင်းတာခြင်းနည်းလမ်းဖြင့် တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။ ရေကြည်နှုန်းကို စင်တီမီတာဖြင့် တိုင်းတာပြီး Secchi disk ခေါ် ရေကြည်နှုန်းတိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးနိုင်ကာ ငါးမွေးမြူရေးကန်တစ်ခု၏ ရှိသင့်သောရေကြည်နှုန်းသည် ၃၀-၄၀ စင်တီ မီတာ(၁ ပေမှ ၁ ပေခွဲ) အတွင်းရှိလျှင် အကောင်းဆုံးဖြစ်ပါသည်။


ရေကြည်နှုန်းသည် ၂၅ စင်တီမီတာ (၁၀ လက်မ ခန့်)အထိ ကျဆင်းလာပါက ၎င်းကန်သည် အပင်မျှောလှေးများလိုအပ်သည်ထက် ပိုမိုများပြားနေခြင်း၊ ညအချိန်တွင် ပျော်ဝင်အောက်ဆီဂျင် ပြတ်လပ်မှုဖြစ်ပေါ်နိုင်ခြင်းကို ပြသနေပါသည်။ အကယ်၍ ရေကြည်နှုန်းသည် ၄၀ စင်တီမီတာ (၁ ပေ ၄ လက်မခန့်)ထက် ပိုမိုမြင့်မားနေပါက မွေးမြူထားသောသတ္တဝါများအတွက် သဘာဝအစားအစာလျော့နည်းနေခြင်း၊ ဖြည့်စွက်အစာကျွေးမွေးမှုကို တိုးမြှင့်ပေးရမည်ဖြစ်ခြင်းနှင့် ၎င်းကန်တွင် မွေးမြူထားသောသတ္တဝါများအနေဖြင့် ပုံမှန်ကြီးထွားမှုမရှိနိုင်ကြောင်းကို ပြသနေပါသည်။ ထိုအခြေအနေမျိုးတွင် ၎င်းကန်အား သဘာဝအစားအစာပြန်လည်ရရှိရန်အတွက် သြဇာဓာတ်များ ထည့်သွင်းပေးရန် လိုအပ်ပါသည်။


ရေကြည်နှုန်းတိုင်းကိရိယာသည် ၃၀ စင်တီမီတာ (၁၁  ဒသမ ၈ လက်မ)အရွယ်ရှိသော သစ်သား အဝိုင်းပြားတစ်ခုဖြစ်ကာတိုင်းတာပုံမှာ ကန်ရေအတွင်း ၎င်းကိရိယာကို ရေအတွင်းသို့နစ်မြုပ်စေပြီး ကိရိယာကိုမမြင်ရတော့သည့်နေရာနှင့် ပြန်လည်ဆွဲတင်ပြီး စတင်မြင်ရသည့်နေရာတို့၏အနက် စင်တီမီတာကို ပျမ်းမျှတွက်ချက်ထားသည့် ရေအနက်စင်တီမီတာသည် ရေကြည်နှုန်းဖြစ်ပါသည်။


ရေကြည်နှုန်းတိုင်းတာရာတွင် ရေနောက်ကျိနေပါက တိုင်းတာမှုမှားယွင်းနိုင်ပါသည်။ သို့ဖြစ်ရာ ကန်ရေနောက်ကျိနေသည့်အခြေအနေများ (ဥပမာ- ရေသွင်းပြီးခါစအချိန်များ၊ မိုးရွာသွန်းထားပြီးသည့် အချိန်များ) မရှိသည့် အချိန်တွင်သာ တိုင်းတာရမည်ဖြစ်ပါသည်။


အမိုးနီးယား

ငါးများစွန့်ထုတ်သော မစင်၊ အညစ်အကြေးများထဲတွင် အမိုးနီးယားနှင့် ယူရီးယားများပါဝင်ကြပါ သည်။ အမိုးနီးယားသည် ငါးများအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သကဲ့သို့ အစာအကြွင်း အကျန်များမှလည်း အမိုးနီးယားကိုဖြစ်ပေါ်စေနိုင်ပါသည်။ ငါးကန်တစ်ကန်အတွင်း အမိုးနီးယား များတိုင်းတာရာတွင် အမိုးနီးယားပါဝင်နှုန်းသည် အနည်းဆုံး ၀ ဒသမ ၀၂ ppm ထက် လျော့နည်း ရမည်ဖြစ်ပါသည်။ အမိုးနီးယားအဆိပ်အတောက်ဖြစ်မှုသည် ကန်ရေ၏ အပူချိန်၊ ချဉ်ဖန်နှုန်း၊ ပျော်ဝင်အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက် ပြောင်းလဲ မှုပမာဏတို့နှင့် သက်ဆိုင်နေပါသည်။ ငါးကန်ထဲတွင် အပင်မျှောလှေးများ အစုလိုက်သေဆုံးမှုဖြစ်သောအခါ အမိုးနီးယားအဆိပ်အတောက်ဖြစ်မှုကို ပိုမိုတွေ့ရှိရပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ရေလဲလှယ်မှုများကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။


နိုက်ထရိတ်နှင့် နိုက်ထရိုက်

ငါးမွေးကန်အတွင်း နိုက်ထရိတ်ပါဝင်မှုပမာဏ သည် ၀ - ၄၀ mg/L အတွင်း ရှိသင့်ပြီး နိုက်ထရိုက် ပါဝင်မှုပမာဏသည် ၀.၀ - ၀.၅ mg/L အတွင်း ရှိရမည်ဖြစ်ပါသည်။ ရေညှိတက်ခြင်းကို အားပေး သကဲ့သို့ ငါးများ၏ သွေးတွင်းအောက်ဆီဂျင်ကို လျော့နည်းစေသောကြောင့် နိုက်ထရိတ်နှင့် နိုက်ထရိုက်ပါဝင်မှုကိုထိန်းသိမ်းပေးရပါမည်။ နိုက်ထရိုက်ပမာဏမြင့်မားနေပါက ငါးများကို အန္တရာယ်ဖြစ်စေတတ်သဖြင့် ဆားကြမ်းအသုံးပြု၍ လျှော့ချပေးနိုင်ပါသည်။


ငါးမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး သော့ချက်များ

ငါးမွေးမြူရေးကန်၌ ငါးများ ထည့်သွင်းမွေးမြူထားပါက ငါးများအား ထိန်းသိမ်းထားနိုင်မည့် လုံလောက်သော ရေပမာဏသည် ၎င်းမွေးမြူထားသော ကာလတစ်လျှောက်လုံး ကန်အတွင်းတွင် ရှိနေရန် လိုအပ်ပါသည်။ အကယ်၍ ရေအရင်းအမြစ်သည် တစ်နှစ်ပတ်လုံးမရရှိဘဲ လအချို့တွင်သာ ရရှိမည်ဆိုပါက ငါးမွေးမြူထုတ်လုပ်မှုကို ၎င်းရေရရှိသည့်လများတွင်သာ အချိန်ကိုက်၍ မွေးမြူ သင့်ပါသည်။


ငါးများကြီးထွားလာလေ အစာလိုအပ်လာလေဖြစ်ပြီး အညစ်အကြေးလည်း ပိုမိုစွန့်ထုတ်လာ သောကြောင့် ရေအရည်အသွေးကျဆင်းစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ မွေးမြူရေးကာလတွင် ရေအရည်အသွေးကောင်းမွန်စေရန် ရေလဲလှယ်မှုပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ ရေလဲလှယ် ချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော ရေအရင်းအမြစ်ကို အထူးဂရုပြုသုံးစွဲသင့် ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသော ပိုးသတ်ဆေးများသည် ရေအရင်းအမြစ်တွင် ပါဝင်လာနိုင်ပြီး ကန်အတွင်းမွေးမြူထားသောငါးများ သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိနိုင်ပါသည်။ ထို့အတူ ရေအသစ်ပြန်လည်သွင်းရာတွင်လည်း ပြင်ပမှငါးရိုင်းများ၊ အသားစားငါးများ ဝင်ရောက် လာနိုင်သဖြင့် ရေကိုစစ်ပြီးမှ သွင်းရမည်ဖြစ်ပါသည်။


ငါးမွေးမြူမည်ဆိုပါက ရေ၏ အရည်အသွေးပြုပြင်ထိန်းသိမ်းပေးခြင်းဖြင့် ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းကောင်းမွန်အောင် မွေးမြူနိုင်မည်ဖြစ်သကဲ့သို့ ရောဂါကျရောက်ခြင်းမှလည်း ကာကွယ် ပေးပါသည်။ ငါးမွေးမြူခြင်းမစတင်မီ မွေးမြူမည့် မြေကန်၊ အုတ်ကန်၊ ကွန်ကရစ်ကန်များကို တစ်ကြိမ် မွေးမြူပြီးတိုင်း ဆေးကြောခြင်း၊ မြေကန်အောက်ခြေရှိ နုန်းများကိုဖယ်ထုတ်ခြင်း၊ ကန်အားအခြောက်ခံခြင်း၊ ထုံးကြဲခြင်းပြုလုပ်လျှင် ရေအရည်အသွေးကောင်းမွန်ပြီး ရောဂါအလွယ်တကူကျရောက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။


မြန်မာနိုင်ငံအနေဖြင့် ရေချိုငါးမွေးမြူရေးကဏ္ဍ၌ မြေကန်အတွင်းမွေးမြူထားသော ငါးမျိုးများအပြင် ဒေသရင်း တိုင်းရင်းငါးမျိုးစိတ်များကို တိုးပွားထုတ်လုပ်မွေးမြူနိုင်ရန်အတွက် စမ်းသပ် သုတေသနလုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ဆောင်သွားပြီး နည်းပညာများကို ဖြန့်ဝေမည်ဖြစ်ပါ သည်။ နိုင်ငံအတွင်း ကုန်းတွင်းငါးမွေးမြူရေးလုပ်ငန်းများ မွေးမြူလုပ်ကိုင်နိုင်သည့်နေရာ များစွာရှိနေခြင်းကြောင့် ငါးမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေမည့် သော့ချက်များကို လိုက်နာဆောင်ရွက်ပါက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ရေရှည်တည်တံ့သော မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန်၍ မျှဝေရေးသားတင်ပြလိုက်ရပါသည်။


ရည်ညွှန်းကိုးကားချက်များ

၁။ R. Dennis Rouse, Director (1979). Water quality management in pond fish culture

၂။ International Center for Aquaculture, Agricultural Experiment Station

၃။ Durgesh Kumar Verma et al., (2022). Important Water Quality Parameters in Aquaculture: An Overview. Agriculture & Environment Newsletter. Vol.3:3

၄။ ရေချိုဒေသတွင် နေထိုင်သော ကျေးလက်နေပြည်သူများအတွက် အသေးစားငါးမွေးမြူရေး အညွှန်း စာစောင်


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)