ဖြောင့်မတ်တည်ကြည်မှုမြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြောင့်မတ်တည်ကြည်မှုမြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ပြောကြား


MNP ၊ ဇူလိုင် ၅

ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်ကို ယမန်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် တက်ရောက်၍ အဂတိလိုက်စားမှုကို လူငယ်များအနေဖြင့် တိုက်ဖျက်ရန် ပထမဦးစွာ ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုသည် တိုက်ရိုက်ဆက်နွှယ်နေသည့်အတွက် ဖြောင့်မတ်တည်ကြည်မှုမြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း။

ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာရန် လူငယ်တို့၏ ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများကနေ စတင်ရပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများကို ယခုစာသင်နှစ်ဇွန်လမှစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာများကို သိရှိနားလည်ပြီးပါက ရရှိလာသည့် အသိပညာဗဟုသုတများကို မျှဝေပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက အမှတ်(၁၈)ဒက္ခိဏသီရိ ကျောင်းအုပ်ကြီးထံ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်းအဆင့် (ဆရာကိုင်)စာအုပ်၊ ကော်မရှင်မှပြုစုထုတ်ဝေခဲ့သည့် လက်ကမ်းစာစောင်သုံးမျိုးနှင့် ကော်မရှင်အမှတ် တံဆိပ်ပါလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ တာဝန်ရှိသူများက မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်(ဆရာကိုင်)စာအုပ်များမှ သင်ခန်း စာအချို့ကိုကောက်နုတ်၍ သင်ကြားပို့ချကြသည်။

“အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက် လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း)အဆင့်များမှစတင်၍ အသိပညာပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment