ငတောက်တက်နှင့် ကျားမသောက်မှသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငတောက်တက်နှင့် ကျားမသောက်မှသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့


ဘယ်အငြိုးနှင့်မသိ စစ်တွေမိုးက မိုးမလင်းမီကတည်းက သဲကြီးမဲကြီးရွာနေသည်။ မိုးအေးအေးတွင် အိပ်ရာထဲကွေးပြီး စာလေးဖတ်နေရလျှင် ဘယ်လောက်များ  ဇိမ်ရှိလိမ့်မလဲ ဘကြီးအောင်  တွေးလိုက်မိသည်။ လက်တွေ့ဘဝတွင်ကား ကွေးနေ၍မဖြစ်၊ ဘကြီးအောင်တို့အဖွဲ့ကို နိုင်ငံတော်က အလွန့်အလွန် အားကောင်းသော မိုခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီး အထိအခိုက်များစွာ ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်၊ အထူးသဖြင့် စစ်တွေမြို့နယ်တစ်ဝိုက် ပြန်လည်ထူထောင်ရေးနှင့် မူလထက် သာလွန်တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။ သည့်အတွက်ကြောင့် သည်အဖွဲ့တွေ မေလ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် မေလ ၁၅ ရက်တွင်ပင် စစ်တွေမြို့သို့ နိုင်ငံတော်အကြီးအကဲနှင့်အတူ ရောက်ရှိခဲ့ကြသည်။

 အဲဒီအချိန်က စစ်တွေမြို့ရှိ  အဆောက်အအုံများ အားလုံးနီးပါး ခေါင်မိုးများလန်ကြသည်။ တစ်ဝက် တစ်ပျက်လန်သည်နှင့် အားလုံးလန်သည်သာ ကွာခြားသည်။ လေဆိပ်အဆောက်အအုံ၊ တာဝါ၊ ရိုးရိုးခရီးသည်  နားနေဆောင်၊ အရေးကြီးပုဂ္ဂိုလ် နားနေဆောင်အပါအဝင် အားလုံးနီးပါး အမိုးလန်သည်။ မျက်နှာကြက်များ၊ ပန်းဆွဲများ ပြုတ်ကျပျက်စီးသည်။ မိုခါသည် မျက်နှာမလိုက်။ အားလုံးကို ဖျက်ဆီးခဲ့သည်။ အစိုးရ ဧည့်ရိပ်သာလည်း အမိုးလန်သည်။ အစိုးရရုံးများလည်း အမိုးလန်သည်။ ပျက်စီးသည်။ ဌာဆိုင်ရာရုံးများ၊  အဆောက်အအုံများ  အမိုးလန် ပျက်စီးကြသကဲ့သို့ သာသနိကအဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများလည်း မကျန် အားလုံးအမိုးလန်သည်။ ပျက်စီးကြသည်။ ရှေးဟောင်းဘုန်းကြီး ကျောင်းများ၊  ဦးရဲကျော်သူ  ဘုန်းကြီးကျောင်းအပါအဝင်  လောကာနန္ဒာဘုရားကြီးဝင်းအတွင်းရှိ သာသနာ့ဗိမာန်မကျန် အမိုးလန်သည်။  စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အားကစားသိပ္ပံ ကျောင်းအပါအဝင် အဆောက်အအုံ တော်တော် များများ အမိုးလန်ပျက်စီးသကဲ့သို့ အထပ်မြင့်အဆောက်အအုံ မဟုတ်သည့် အုတ်ခြံစည်းရိုးများပင် ပြိုကျပျက်စီး စေသည်။ တော်ရုံတန်ရုံ ရန်သူဖျက်ဆီးဖို့မပြောနှင့် အနားပင်မကပ်နိုင်၊ မကပ်ရဲသည့် ရေတပ်ဌာနချုပ်အတွင်းမှ ရုံးများ၊  အိမ်ထောင်သည် လိုင်းများ၊ ခြံစည်းရိုးများလည်း ပြိုကျပျက်စီးစေသည်။


ရက်စက်ကောက်ကျစ်သည့်မိုခါ

ရက်စက်ကောက်ကျစ်သည့် မိုခါသည်  စစ်တွေမြို့ ကျက်သရေဆောင် ပွိုင့်ရှိနတ်ရုပ်မှ ပလွေကိုပင် ဖြုတ်ယူသကဲ့သို့ စစ်တွေသူ စစ်တွေသားများ အမှတ်တရ အမြတ်တနိုး နောက်ခံထား၍ ဓာတ်ပုံရိုက်ကြသည့် We Love Sittwe ဆိုသည့် စာတန်းမှ စာလုံးများကိုပင် ဖြုတ်ယူ၍ ပင်လယ်တွင်းသို့ လွင့်ပျံစေသည်။ မုန်တိုင်း ဒဏ်ကြောင့် ရိုက်ခတ်လာသည့် လှိုင်းလုံးများကလည်း စစ်တွေကမ်းနားလမ်းကြီးအား တစ်ဝက်မရှိတရှိ ပြိုကျပျက်စီးစေသည်။ သည်အခြေအနေတွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် နိုင်ငံတော်အကြီးအကဲသည် ပြည်သူတွေကို အားပေးသည်။ မူလရှိရင်း အခြေအနေထက် ပိုမိုကောင်းမွန်သည့် အနေအထား ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု အားမာန်အပြည့်ဖြင့် ပြောကြားခဲ့သည်။ ပြောကြားသည့်အတိုင်း စီမံဆောင်ရွက်ခဲ့သည်။


ဒုတိယဝန်ကြီးချုပ်ဦးစီးသည့် ဝန်ကြီးအဖွဲ့၊ ဒုတိယဝန်ကြီးများအဖွဲ့ဖြင့် စစ်တွေမြို့မှ အပျက်အစီးများကို ရှင်းလင်းစေသည်။ တစ်ဖက်မှာလည်း မြန်မာတစ်ပြည်လုံးရှိ စေတနာရှင်ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရေယာဉ်များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်စေသည်။ ပြိုပျက်သွားသည့် အဆောက်အအုံများ ပြင်ဆင်နိုင်ရန်နှင့် ပြန်လည် တည်ဆောက်ရန်အတွက် သွပ်၊ သစ်၊ သံ အပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့စေသည်။


ပြိုကျပျက်စီးသွားသည့် သစ်ပင်နှင့် အဆောက်အအုံများ ရှင်းလင်းရန် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို စစ်တွေသို့ ပို့ဆောင်ပေးသည်။ တပ်မတော်အရာရှိကြီး ၁၇ ဦးအား မြို့ပြန်လည်တည်ဆောက်ရေးနှင့် မူလအနေအထားထက် ဖွံ့ဖြိုးတိုးတက်အောင် ညှိနှိုင်းဆောင်ရွက်ရန် တစ်မြို့နယ်လျှင် တစ်ဦးစီစေလွှတ် တာဝန်ပေးသည်။


မိုခါကို အန်တုစံပြုထိုက်သည့် ပြည်သူများသည်သို့အဘက်ဘက်မှ စီစဉ်ဆောင်ရွက်ပေးမှကြောင့်  မိုခါမုန်တိုင်း အပြီး ၃၈ ရက်အကြာ ၂၂-၆-၂၀၂၃ ရက်နေ့ စစ်တွေမြို့သို့ ဘကြီးအောင် တို့ရောက်သည့်အခါ လေဆိပ်တာဝါသည် ပြန်လည်ပြုပြင်ပြီး ဖြစ်နေရုံမက  ခရီးသည်များ နားနေခန်းနှင့် အရေးကြီးပုဂ္ဂိုလ် နားနေခန်းအပါအဝင် အဆောက်အအုံအတော်များများသည် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရုံမက မူလထက်ပင် တောက်ပခံ့ညားနေသည်။  နိုင်ငံတော်အကြီးအကဲ ပြောကြားသကဲ့သို့  မူလအဆင့်သာမက  မူလ ထက်ပင် ပိုမိုတောက်ပကောင်းမွန်အောင် ပြုလုပ်ထားသည်ကို မျက်ဝါးထင်ထင်  မြင်တွေ့နေရသည့်အခါ ဘကြီး အောင်၏ နှုတ်ဖျားမှ “မိုခါကိုအန်တုစံပြုထိုက်သည့်ပြည်သူများ” ဟု ရေရွတ်မိပါသည်။ ယခုတော့  အဲဒီစံပြုထိုက်သည့် ပြည်သူများတွင် မိမိလည်း ပါဝင်တော့မည်ကို တွေး၍ ဘကြီးအောင် ကြည်နူးနေမိသည်။


ဘကြီးအောင်တို့အဖွဲ့တွေ ရောက်သည့်နေ့မှစ၍  စတင်လှုပ်ရှား ကိုယ်စီတာဝန်ဆောင်ရွက်ကြသည်။ ပြည်နယ် အစိုးရအဖွဲ့က  နေရာချထားပေးသည့် အစိုးရဧည့်ရိပ်သာတွင် နေထိုင်ကြရသည်။ ဘကြီး အောင်တို့အဖွဲ့တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့ပါဝင်သည်။ ဝန်ကြီးဌာနစုံသကဲ့သို့ စစ်တွေမြို့ ပြန်လည် တည်ဆောက်ရေးတွင် ဘက်ပေါင်းစုံမှ ကိုယ့်ဝန်ကြီးဌာနလုပ်ငန်းတွေ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည်။ သို့ဖြစ်၍လည်း ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ နိုင်ငံတော်အကြီးအကဲ စစ်တွေမြို့သို့ လာရောက်စစ်ဆေးသည့် ခရီးစဉ်တွင် စစ်တွေမြို့ကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှု ရှိကြောင်း။ နိုင်ငံတော်အကြီးအကဲက မှတ်ချက်ပြုခဲ့သည်။ သို့ဖြစ်၍လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လက်ချင်းတွဲ၍ ဆောင်ရွက်နေကြ သည့် ဘကြီးအောင်တို့အဖွဲ့ ကျေနပ်ကြည်နူး မိပါသည်။


“အဘ အောက်မှာ ဝန်ကြီးချုပ်ကြီး ရောက်နေပြီ သွားကြရအောင်တဲ့” ဘကြီးအောင်၏ တပည့် ဖုန်းဆက် လာမှ ဘကြီးအောင်တစ်ယောက် အတွေးရေယဉ်ကြောတွင် နစ်မျောနေရာမှ အသိပြန်လည် ဝင်လာသည်။ ဒီလောက်မိုးတွေ အကြီးအကျယ်ရွာနေ သည့်အထဲ ဝန်ကြီးချုပ်ကြီး ဘယ်များသွားဦးမှာလဲ။


ရိပ်သာမှထွက်တော့ ဘကြီးအောင်တို့အဖွဲ့နှင့် ဝန်ကြီးချုပ်ကြီး ကားတစ်စီးတည်း စီးလာသည်။ ၁၂ ယောက်စီးကားမို့ ဘကြီးအောင်တို့အဖွဲ့ ချောင်ချောင်ချိချိပင် စီးလာသည်။ ငတောက်တက် ကျေးရွာ ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး ဒံပေါက်ဝေမည်သိရ၍ ကြည်နူးမိသည်။ မိုခါကြောင့် ပြည်သူတွေ စိတ်ညှိုးနွမ်းခဲ့ကြရသည်။ မိုခါမုန်တိုင်းအပြီးတွင် ပြည်သူတွေနှင့် တွေ့ဆုံအားပေး စကားပြောရခြင်းသည် တကယ်ပင် စိတ်ကြည်နူး ဝမ်းမြောက်စရာ။


ငတောက်တက်ကျေးရွာ

ငတောက်တက်ကျေးရွာကား စစ်တွေမြို့မှ ၁၀ မိုင် ခန့်အကွာ  စစ်တွေ - ပုဏ္ဏားကျွန်းသွား ကားလမ်း၏ အနောက်ဘက်တွင် တည်ရှိသည့် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ဘကြီးအောင်တို့အဖွဲ့ ရွာမူလတန်းကျောင်း ရှေ့သို့ရောက်သည့်အခါ စောစောကတည်းက သဲကြီး မဲကြီးရွာနေသည့် မိုးကမစဲဘဲ ပို၍သဲသဲမဲမဲပင် ရွာလျက်ရှိနေသည်။  ဌာနဆိုင်ရာအချို့ ထီးဖြင့်ထွက်၍ ကြိုသဖြင့် ဝန်ကြီးချုပ်နှင့်အဖွဲ့ ကျောင်းစာသင်ခန်းအတွင်း နေရာယူလိုက်ကြသည်။ ခန်းမရှေ့တွင် ဗီနိုင်းဆိုင်းဘုတ် အဝါကြီးဖြင့် “ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် MLCA အသင်းချုပ်၊ MLCA အသင်း(ရခိုင်ပြည်နယ်)၊ မြန်မာ၊ တရုတ်ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့ မြန်မာ-အိန္ဒိယ-တရုတ်  ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MICA) MLCP အများပိုင် ကုမ္ပဏီ လီမိတက်တို့မှ ဒံပေါက်များ လှူဒါန်းခြင်း” ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကြီးကလည်း ခံ့ညားလှသည်။ ဆိုင်းဘုတ်ကြီးအောက်ရှိ ဒံပေါက်ထုပ်များမှ ဒံပေါက်နံ့ကလည်း သင်းပျံ့နေသည်။


“အားလုံးပဲ မင်္ဂလာပါ ခင်ဗျား။ အခုလို ငတောက်တက်ရွာက ကျွန်တော်တို့ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမတစ်တွေကို ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာ တွေ့ရှိရတဲ့အတွက် အထူးပင်ဝမ်းသာ ကြည်နူးမိပါတယ်။ ကျွန်တော်တို့တစ်တွေ မိုခါမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး တွန်းလှန်နိုင်ခဲ့ကြပါပြီ။ ကျွန်တော်တို့ အပြောမဟုတ်၊ အလုပ်နဲ့သက်သေပြပြီး စစ်တွေမြို့ကြီးကို  ပြန်လည်ထူထောင်ခဲ့ကြပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နှင့် စီစဉ်ဆောင်ရွက်ပေးမှုကြောင့် အခုလို ဝန်ကြီးဌာနအသီးသီးက ဒုတိယ ဝန်ကြီးများ၊  ကျွန်တော်တို့ ပြည်နယ်ကိုလာပြီး အကူအညီပေးလို့  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ကောင်းမွန်လာပါပြီ။  သာသနိက အဆောက်အအုံတွေ၊ တယ်လီဖုန်းလိုင်းတွေ၊ လျှပ်စစ် မီးတွေ၊ စာသင်ကျောင်းတွေ၊ လမ်းတံတားတွေ ပြန်လည်ကောင်းမွန်လာတာ ဒီဝန်ကြီးဌာနက အခု ဒီမှာရှိနေကြတဲ့  ပြည်ထောင်စုဒုတိယဝန်ကြီးများရဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ဒီနေ့လည်း  ဒီရွာက ဆွေမျိုးသားချင်းတွေအတွက်  စေတနာရှင် လူမှုရေးအဖွဲ့တွေက လှူဒါန်းတဲ့  ဒံပေါက်ထမင်းတွေလာပြီး လှူဒါန်းတာပါ။ အခုလို ကိုယ့်ဆွေမျိုးတွေကို လာပြီးကျွေးခွင့်ရတဲ့အတွက်  ဝမ်းသာကြည်နူးပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။  ပြီးတော့  စိုက်ပျိုးရေးနှင့်  ပတ်သက်ပြီး ဒီကဒုတိယဝန်ကြီးက နည်းနည်းပြောပါမယ်” ဝန်ကြီးချုပ်၏ စကားအဆုံးတွင် တက်ရောက်လာကြသည့် ရွာသူရွာသားများက ဝမ်းသာအားရ  လက်ခုပ်တီး၍ အားပေးလိုက်ကြသည်။ ဝန်ကြီးချုပ်၏ မိတ်ဆက်ပေးမှုကြောင့် ဘကြီးအောင်နေရာမှ ထလိုက်သည်။


 “သာလီစွပါ”

“ဟေး”ဘကြီးအောင်က ရခိုင်ဘာသာစကားဖြင့် မင်္ဂလာပါဟု နှုတ်ဆက်လိုက်သဖြင့် ငတောက်တက် ရွာသားများ လက်ခုပ်တီး၍ အားပေးလိုက်ကြသည်။


“ကျွန်တော်ကတော့ ဝန်ကြီးချုပ်ကြီး မိတ်ဆက်ပေးတဲ့အတိုင်း  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဒုတိယဝန်ကြီးပါ။ ဝန်ကြီးချုပ်ကြီး ပြောတဲ့အတိုင်း ကျွန်တော်တို့ အမျိုးတွေ အလွန့်အလွန် အားကောင်းတဲ့ မိုခါမုန်တိုင်းရဲ့ ဖျက်ဆီးမှုဒဏ်ကို ကျော်လွန်နိုင်ခဲ့ကြပါပြီ။ အဲဒီတော့ ကျွန်တော်တို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကြရပါမယ်။  နေရေးအဆင်ပြေတဲ့အခါမှာ စားရေးကို ဆောင်ရွက်ဖို လိုပါမယ်။ လူတိုင်းမှာ ဗိုက်ပါတယ်။ မိုးလင်းရင် ဗိုက်ဆာတယ်။ ဗိုက်ဆာတော့ ထမင်းစားရမယ်၊ ထမင်းစားဖို စပါးစိုက်ရမယ်။ အဲဒီတော့ ခင်ဗျားတို့ မိုးရွာရင် ဘာလုပ်မလဲ” ဘကြီးအောင်က မေးလိုက်သည်။  ဗြုန်းခနဲ  မဖြေကြ။ ဘကြီးအောင်ကဆက်၍ “ဟို သီချင်းထဲမှာပါတယ်လေဗျာ၊ မိုးရွာရင်မိုးရေချိုးမယ်” ရွာသူရွာသား များက ဝိုင်းအော်ကြသည်။ “ဟုတ်ပါတယ် အဲဒီမိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စိုမယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်ဆိုတာက ကိုင်ဇာသီချင်းပါ။ အခု ကျွန်တော်ပြောချင်တာက မိုးရွာရင်ထွန်တုံးပြင်ပြီး လယ်ကွင်းထဲဆင်းပြီး စပါးစိုက်ဖို့ပြင်ရမယ်လို့ ပြောချင်တာပါ။”  “ဟုတ်ပါတယ် ဟုတ်ပါတယ်”  ရွာသားများ က ထောက်ခံကြသည်။ “အဲဒီတော့ မိုးရွာပြီဆိုမှတော့ လယ်ထဲဆင်းပြီး ထယ်ထိုးရမယ်၊ ထွန်မွှေရမယ်၊ ပြီးတော့ မျိုးစပါးကို  ပျိုးထားပြီး စိုက်ဖိုပြင်ဆင်ရမယ်။  ဒီနေရာမှာ ကျွန်တော်တို ညီအစ်ကို  မောင်နှမတွေကို ပြောချင်တာက နိုင်ငံတော်အကြီးအကဲကစေတနာနဲ့ စပါးအထွက်တိုးမျိုးတွေကို ကျွန်တော်တို ရခိုင်ပြည်နယ်ကို ပိုပေးထားပါတယ်။  အဲဒါပေမယ့် မျိုးဘယ်လောက်ကောင်းကောင်း ညက်ညက်မထွန်ဘူး။ စိပ်စိပ်မစိုက်ဘူး၊ သင့်တင့်တဲ့  သွင်းအားစု မြေဩဇာမကျွေးဘူး၊ ရေကိုလိုသလောက်သာပေးပြီး  ရေသွင်းရေထုတ် ဂရုမစိုက်ဘူး ဆိုရင်  ဘယ်လောက်ပဲမျိုးကောင်းကောင်း  အထွက်ကောင်းမှာ မဟုတ်ပါဘူး”  “ဒါ့အပြင် စိုက်ပျိုးရေးက ဘယ်လောက်ပဲ  အသက်နုတဲ့စပါးဖြစ်ဖြစ် ရက် ၉၀၊ ၁၀၀ တော့ အချိန်ယူရ ပါတယ်။  စပါးမပေါ်ခင်မှာ  နေ့စဉ်စားဖိုသောက်ဖို တစ်ပိုင်တစ်နိုင် ကြက်၊ ဝက်၊ ဘဲ၊ နွား မွေးမြူထားဖို လိုပါတယ်။  ကြက်မွေးရင် ကြက်ဥ စားရမယ်၊ ဘဲမွေး ရင် ဘဲဥ စားရပါမယ်။ ဝက်ကတော့ စုဘူးပါ။ နွားကလည်း မွေးထားရင် တစ်နှစ် တစ်သား တော့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို အမျိုးတွေ တောင်သူတွေ ဝင်ငွေတိုးတက်ဖို စိုက်ပျိုးရေးနှင့်  မွေးမြူရေး တွဲဖက်လုပ်ကြဖို ပြောကြားချင်ပါတယ်။ လိုအပ်တာတွေကို ကျွန်တော်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးပါ့မယ်လို ပြောကြားရင်း နိဂုံးချုပ်ပါတယ်”  ဘကြီးအောင် စကားအဆုံးတွင် ရွာသူရွာသားများ လက်ခုပ်တီး၍ အားပေးကြသည်။ ပြီးတော့ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက စစ်တွေမြိုနယ် တစ်နယ်လုံးတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ပေါင်း ၃၃၁၅ ကျောင်းရှိသည့်အနက် လုံးဝပြိုကျပျက်စီးသည့်ကျောင်း ၃၉၃  ကျောင်းရှိခဲ့ကြောင်း၊ မူလကတည်းက လုံခြုံရေး အခြေအနေကြောင့် မဖွင့်နိုင်သည့် ကျောင်း  ၁၂၁  ကျောင်းရှိခဲ့ကြောင်း၊ ၎င်းကျောင်းများအနက် ၁၅၃၈ ကျောင်းမှာ အမိုးလန် ပျက်စီးခဲ့သော်လည်း ဇွန်လ ၁ ရက်နေ့ ၁၀၈၅ ကျောင်း အမိုး မိုးပြီးသွားပြီ၊ ယခုအခါ ကျောင်း ၃၁၉၄ ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ ကျောင်းသားကလေးများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲက အနာဂတ်ခေါင်းဆောင် များ ဖြစ်လာကြမည့် လူငယ်များကို ပညာတတ်စေလိုကြောင်း တွန်းအားပေးသဖြင့် မိမိတိုကျောင်းများအားလုံး ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။


ပွင့်လင်းသည့် ဝမ်းသာပြုံး

၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲက ရွာသူရွာသားများအား ဒံပေါက်ထုပ်များနှင့် စားစရာများ လွှပြောင်း ပေးအပ်ရာ ရွာသူရွာသားများ၏ ပွင့်လင်းသည့် ဝမ်းသာပြုံးက ကြည်နူးဖွယ်ရာ မြင်ကွင်းပင်။


ငတောက်တက်မှ အပြန်တွင် ကျားမသောက် အလယ်တန်းကျောင်းသို ဝင်ဖြစ်သည်။ ကျားမသောက် ရွာသူရွာသားများ ကျောင်းဆရာမများက ရင်းနှီးစွာ ကြိုဆိုကြသည်။ စစ်တွေမိုးက မစဲတမ်းရွာချနေသော် လည်း ဝန်ကြီးချုပ်ဦးဆောင်သည့် ဒုဝန်ကြီးအဖွဲက မိုးဘယ်လောက်ရွာပါစေ ကိုယ့်ရွာသူရွာသားနှင့် တွေ့ဆုံ၍ ဒံပေါက်ထုပ်နှင့် စားစရာများ ပေးဝေရသဖြင့် ဝမ်းသာကြည်နူးမှု ဖြစ်ရသည်။


ငတောက်တက်နှင့် ကျားမသောက်ရွာမှ အပြန်ခရီးတွင် ဝန်ကြီးချုပ်အပါအဝင် ဒုတိယဝန်ကြီးများ၏  မျက်နှာတွင် အပြုံးပန်းဆင်ကြသည့်နည်းတူ ရင်တွင်း၌လည်း ကျေနပ်နှစ်သိမ့်မှု ဖြစ်ကြရသည်။ ဘကြီးအောင်  ရခိုင်ပြည်နယ်  စစ်တွေမြိုသို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လာရောက်ဆောင်ရွက်နေသည်မှာ  ရက်  ၂၀  ကျော်ပါပြီ။ တစ်နေကုန် မိုးထဲရေထဲသွားကြသည်၊ လာကြသည်။ လယ်ကွက်ထဲဆင်း၍ ထွန်တာယက်တာ အကူအညီပေးသလို၊ သာသနိက အဆောက်အအုံများ ပြင်ဆင်၍ ဆရာတော် သံဃာတော်များ ဖူးတွေ့၍ လှူဒါန်းရ သည်။ အလားတူ ကမ်းနားဆိပ်တွင် သစ်၊  သွပ် အပါအဝင် တည်ဆောက်ရေးပစ္စည်းများ တင်ချနေ ကြသည့်  စွမ်းအားရှင်များ  မြန်မာနိုင်ငံရဲတပ်ဖွဲမှ  ရဲဘော်ကလေးများအား အားပေးကြသည်။  တစ်နေ့တစ်မျိုး  မရိုးနိုင်သည့် သည်လုပ်ငန်းများကား နိုင်ငံတော်အကြီးအကဲ ပြောကြားခဲ့သလို စစ်တွေမြို ကြီး  မူလထက်  သာလွန်တိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ရမည်ဟု ယုံကြည်မိပါသည်။


“ငတောက်တက်၊ ကျားမသောက်မှသည် ရခိုင်ပြည်နယ် သာယာဝဖြိုး ဖွံဖြိုးတိုးတက်မည် ဟူသော ယုံကြည်ချက်ဖြင့်” … ။ ။


(ကူးယူဖော်ပြပါသည်။)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)