UNCITRAL ၏ (၅၆) ကြိမ်မြောက်အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံး တို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

UNCITRAL ၏ (၅၆) ကြိမ်မြောက်အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံး တို့ တက်ရောက်





MNP ၊ ဇူလိုင် ၂၂

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဥပဒေကော်မရှင် (UNCITRAL) ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကို Vienna International Centre တွင် ၃-၇-၂၀၂၃ ရက်မှ ၂၁-၇-၂၀၂၃ ရက်အထိ hybrid format ဖြင့် ကျင်းပခဲ့ရာ၌ မြန်မာနိုင်ငံအား လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ကော်မရှင်၏ ဖိတ်ကြားချက်အရ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေး၏ ပထမပိုင်းတွင် ရင်းနှီးမြှုပ်နှံသူနှင့် အစိုးရများအကြား အငြင်းပွား မှုဖြေရှင်းရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ကော်မရှင်၏ ပြဋ္ဌာန်းချက်များ (model provisions)၊ လမ်းညွှန်ချက်များနှင့် အနုညာတခုံသမာဓိဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct for Arbitrators) များကို ဆွေးနွေးအတည်ပြုခဲ့ပြီး၊ တရားသူကြီးများဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းများကို မူအားဖြင့် သဘောတူခဲ့ပါသည်။ အစည်းအဝေးဒုတိယပိုင်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အကြွေးယူစနစ် ကျင့်သုံးရေး ဆိုင်ရာ လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ကြပြီး အကြံပြုချက်များနှင့်အတူ အတည်ပြုခဲ့ပါသည်။ 

အစည်းအဝေးတတိယပိုင်းတွင်မူ “ရာသီဥတုပြောင်းလဲမှုနှင့် အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေးဥပဒေ” ခေါင်းစဉ်ဖြင့် ပညာရှင်ပိုင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပြီး ရာသီဥတုပြောင်း လဲမှုလျော့ပါးစေရေးအတွက် ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့်နယ်ပယ်များနှင့် ဈေးကွက်ယန္တရား၏ အခန်းကဏ္ဍ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် သန့်ရှင်းသော ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး၊ စီးပွားရေးလုပ်ငန်းများနှင့် ရာသီဥတုပြောင်းလဲမှုတို့ အပြန်အလှန် အကျိုးသက်ရောက်မှုများအား ဆွေးနွေးခဲ့ကြသည်။ 

စတုတ္ထပိုင်းအဖြစ် အငြင်းပွားမှုဖြေရှင်းပေးရေး လျှောက်ထားမှုများအပေါ် ကြိုတင်ပယ်ချမှုနှင့် ကနဦးဆုံးဖြတ်မှုဆိုင်ရာ လမ်းညွှန်ချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ကော်မရှင်၏ လုပ်ငန်းအဖွဲ့ (၆) ခု ၏ အစီရင်ခံစာများ၊ စေ့စပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အတွင်းရေးမှူးရုံး၏ ဥပဒေပြုရေးနှင့် မပတ်သက်သော လုပ်ငန်းများနှင့် အထွေထွေဘာသာရပ်ဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေးအစီရင်ခံစာကို အတည်ပြုခဲ့ကြသည်။ 

အဆိုပါ အစည်းအဝေးအစီရင်ခံစာအား ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံ (UNCTAD) တို့သို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)