MNP ၊ ဇူလိုင် ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းကစစ်တွေမြို့နယ်၊ ရေချမ်းပြင်ရေငန် ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရေချမ်းပြင်ရေငန် ပုစွန်မွေးမြူရေးဗဟိုသရုပ်ပြစခန်း တာဝန်ခံဦးကျော်ထွန်းဇံက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် စခန်းအတွင်း အဆောက်အဦများပျက်စီးခဲ့မှု၊ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခဲ့မှု၊ ယာယီအမိုးအကာများတည်ဆောက်ပြီးကာ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှု၊ ရေငန်ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းတွင် ရခိုင်ပြည်နယ် ရေငန်ပုစွန်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနည်းပညာ၊ နည်းစနစ်များနှင့် သားဖောက်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြည့်စွက်ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေငန်ပုစွန်မွေးမြူရေးရာသီအမီ သားပေါက်များ အမြန်ထုတ်လုပ်ရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံသို့သွားရောက်ကြည့်ရှု စစ်ဆေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးထွန်းမြင့်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အုန်းသီးနှံတိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်နှင့် အုန်းသီးစုဆောင်းထားရှိမှု၊ ပျိုးထောင်ထားရှိမှုအခြေအနေများ၊ မျိုးစေ့သန့်စင်စက်ပြန်လည်တည်ဆောက်နေမှုနှင့် အထွက်နှုန်းကောင်းသည့် ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများ ပျိုးထောင်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။
ဒုတိယဝန်ကြီးမှ မုန်တိုင်းဒဏ်ခံအဆောက်အဦများ အမြန်ပြန်လည်တည်ဆောက်ရေး ဆောက်လုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စစ်တွေမျိုးသန့်ခြံတွင် အုန်းသီနှံ ၅၅၀၁ လုံးပျိုးထောင်ထားရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် အုန်းသီး ၃၄၆၀၀ ပျိုးထောင်ထားရှိလျက်ရှိသည်။ အလားတူ မျိုးသန့်ခြံတွင် ဒေသနှင့်သင့်တော်မည့် ဆားငန်ဒဏ်ခံဆင်းသွယ်လတ်၊ ရွှေအာဆီယံ၊ ပြည်မြန်မာစိန်၊ ဆားငန်ခံ-၅၊ ဆားငန်ခံ-၆၊ ဧရာမောင်၊ ရွှေပြည်မင်း၊ ရွှေပြည်ဝင်း၊ (YSTR-12)ဝိုင်အက်စ်တီအာ-၁၂နှင့် (GW-11)ဂျီဒဘလှူ- ၁၁ စပါးများကို စမ်းသပ်ရှာဖွေပျိုးထောင်စိုက်ပျိုးထားရှိလျက်ရှိကြောင်းသိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment