မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် မကျီးပင်ပုအုပ်စု တောစိမ့်ကျေးရွာ မိုးစပါး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် မကျီးပင်ပုအုပ်စု တောစိမ့်ကျေးရွာ မိုးစပါး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ





MNP ၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စနစ်ကျ စိုက်ပျိုးနိုင်စေရန်နှင့် သွင်းအားစု စိုက်ပျိုးရေးစရိတ် ကုန်ကျမှုသက်သာစေရန် ရည်ရွယ်၍ ဧရာမင်းမျိုးစပါးကို တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု တောစိမ့်ကျေးရွာ ကွင်းအမှတ်(၅၇၃)၊ ဦးပိုင်(၁၄) စိုက်ဧက (၄.၀၀) ဧက တောင်သူ ဦးချစ်ခင်၏ လယ်မြေ၌ ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိစဉ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့် လင်းက စလင်းမြို့နယ်အတွင်း လက်ရှိစိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရရှိမှု၊ နှမ်းသီးနှံပျက်စီးမှု၊ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးများနှင့် ဆွေးနွေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများအား လက်ရှိ သီးနှံ(၃)မျိုး စိုက်ပျိုးဆောင်ရွက်မှု၊ ရောင်းချမှု၊ အကျိုးအမြတ်ရရှိမှုများနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ် (၃)သီး ရာသီမှန်အောင် စိုက်ပျိုးနိုင်ခြင်းထက် အထွက်နှုန်းကောင်းမွန်ဖို့ အဓိကလိုအပ်ကြောင်း၊ သီးနှံတစ်မျိုးခြင်းအလိုက်  အပင်ဖြစ်ထွန်းမှု၊ သီးပွင့်မှု အစာချက်မှုနှင့် သဘာဝရေလိုအပ်မှု မြေသြဇာသုံးစွဲမှုအရ အောင်မြင်ပြည့်ဖြိုးသော အစေ့အဆံရရှိမှုမှာ ကွာခြားကြောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူများမှာ ရှေးယခင်စိုက်ပျိုးတောင်သူများနှင့်မတူပဲ ယခုခေတ်တောင်သူများသည် ခေတ်မီ ပညာတတ်များဖြစ်ပြီး Online You Tube တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သော နည်းပညာများ ဝင်ရောက်လေ့လာနိုင်ပြီး သဘာဝစွန့်ပစ်ပစ္စည်းများမှ သဘာဝအပင်ဖြစ်ဆေးများ ပြုလုပ်သုံးစွဲနိုင်ကြောင်း၊ ရာသီစပါး စိုက်ပျိုးခြင်းထက် သက်တမ်းစပါးကို စိုက်ပျိုးခြင်းဖြင့်လည်း တစ်တင်းဈေးနှုန်းအလိုက် ကွာခြားသော်လည်း အထွက်တင်းရေတွက်ကြည့်ပါက အကျိုးအမြတ်များကြောင်း၊ အောင်လံမြို့နယ်မှာ နွေစပါးကို ဆာဖိုးသာစပါးများ စိုက်ပျိုးနေပြီး တောင်သူများ အကျိုးအမြတ်များစွာ ပိုမိုရရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲပြီး အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်စေလိုကြောင်း စသည်ဖြင့် တောင်သူအသိပညာပေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောစိမ့်ကျေးရွာ ဒေသခံတောင်သူ ဦးချစ်ခင်၏ လယ်မြေ ၄ ဧက အတွင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးကို အတန်းလိုက် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)အသုံးပြု၍ လက်တွေ့စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ၊ တောင်သူများအား တိုက်ရိုက်အစေ့ချ စိုက်နည်းများထဲမှ ကျဲပက်စိုက်ပျိုးနည်းကို အသုံးမပြုဘဲ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)နည်း၊ (သို့မဟုတ်)တောက်တောက်ချစိုက်နည်းဖြင့် အတန်းလိုက်စိုက်ခင်း စိုက်သင့်ကြောင်းနှင့် စိုက်နည်းစနစ်များ၏ ကွာခြားချက်၊ အားနည်းချက်၊ အားသာချက်များကို တောင်သူ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲခင်းစိုက်(အစို/အခြောက်)၊ တိုက်ရိုက် စိုက်(အစို/အခြောက်)၊ SRI ၊ Seeder ၊ ဘောင်စိုက်၊ ပျိုးစိုက် စသည့် စိုက်စနစ် နည်းလမ်းမျိုးစုံ အသုံးပြု၍ မိုးစပါးကို ဧကပေါင်း ၄၇၅၃၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ ယနေ့အချိန်အထိ ဧကပေါင်း (၁၅၃၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)