ပြည်ပသို့ထွက်ခွာမည့် ပြည်သူများအနေဖြင့် အသေးသုံးနိုင်ငံခြားငွေများ ဝယ်ယူရာ၌ အဆင်ပြေမှုရှိစေရန် လေဆိပ်ကောင်တာများတွင် AD လိုင်စင်ရ ဘဏ်များ၏ ငွေသားလက် ကျန်အပေါ်မူတည်၍ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပသို့ထွက်ခွာမည့် ပြည်သူများအနေဖြင့် အသေးသုံးနိုင်ငံခြားငွေများ ဝယ်ယူရာ၌ အဆင်ပြေမှုရှိစေရန် လေဆိပ်ကောင်တာများတွင် AD လိုင်စင်ရ ဘဏ်များ၏ ငွေသားလက် ကျန်အပေါ်မူတည်၍ရောင်းချပေးလျက်ရှိ


MNP ၊ ဩဂုတ် ၂၀

ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည့် အစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည် တော် ရုံးအမှတ်(၅၅)တွင် ကျင်းပရာ ပြည်ပသို့ထွက်ခွာမည့် ပြည်သူများအနေဖြင့် အသေးသုံးနိုင်ငံခြားငွေများ ဝယ်ယူရာ၌ အဆင်ပြေမှုရှိစေရန် လေဆိပ်ကောင်တာများတွင် AD လိုင်စင်ရ ဘဏ်များ၏ ငွေသားလက် ကျန်အပေါ်မူတည်၍ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ထည့်သွင်းပြောကြားသွားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCI မှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက နိုင်ငံတော်က လက်ရှိဖြေလျှော့ ပေးနေသော အခြေအနေများနှင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို ထိန်းကျောင်းရန်အတွက် နိုင်ငံခြား ငွေကြေးကို တရားဝင်ဈေးကွက်များတွင် ရောင်းဝယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ Macro စီးပွားရေးအခြေအနေပေါ် မူတည်အခြေပြုသော အတိုးနှုန်းမူဝါဒနှင့် ငွေကြေးမူဝါဒ များကိုချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေး ဆိုင်ရာကိစ္စရပ်များ အဆင်ပြေမှုရှိစေရန် ဈေးကွက်အတွင်း နိုင်ငံခြားငွေလိုအပ်ချက် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန် လုပ်ငန်းများသို့ အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြု ၍ အမေရိကန်ဒေါ်လာလိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းဖြင့် ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးကို လိုအပ်သလိုထိန်းကျောင်း ဆောင်ရွက် လျက်ရှိကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များ နိုင်ငံခြားငွေ ဝယ်ယူရာတွင် အဆင်ပြေမှုရှိစေရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှကြီးမှူး၍ Online Trading စနစ်ကို ဇွန် ၂၂ ရက်မှစ၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ Online Trading ၌ မျှတမှန်ကန်သော ရောင်းဝယ်မှုဖြစ်စေရန် Criteria များ သတ်မှတ်ထားကြောင်း၊ အဆိုပါ Criteria များနှင့် ကိုက်ညီပါက ရောင်းချပေးလျက်ရှိကြောင်း။

နိုင်ငံခြားငွေ လဲလှယ်နှုန်းများနှင့် စပ်လျဉ်း၍လည်း ဈေးကွက်လိုအပ်မှုနှင့် Data အချက်အလက်များပေါ် အခြေမခံဘဲ Online နှင့် Social Media များပေါ်၌ ဈေးနှုန်းများတက်ရန် ရေးသားပြောဆိုမှုများနှင့် တရားမဝင်ဟွန်ဒီ ဆောင်ရွက်မှုများ စသည့်နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်မှုများအတွက် အရေးယူဆောင်ရွက်ရန်ရှိကြောင်း၊ ထို့အပြင် ပြည်ပသို့ထွက်ခွာမည့် ပြည်သူများအနေဖြင့် အသေး သုံးနိုင်ငံခြားငွေများ ဝယ်ယူရာ၌ အဆင်ပြေမှုရှိစေရန် လေဆိပ်ကောင်တာများတွင် AD လိုင်စင်ရ ဘဏ်များ၏ ငွေသားလက် ကျန်အပေါ်မူတည်၍ရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်း များအရ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်များ သတ်မှတ်ထား၍ စည်းမျဉ်းများနှင့်အညီ သတ်မှတ် ပမာဏနှင့် သတ်မှတ်ကာလအတွင်း ကိုင်ဆောင်ရန်ဖြစ်ကြောင်းနှင့် လိုက်နာမှု မရှိပါက စည်းမျဉ်းဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက ကုန်သွယ်မှုနှင့်ပတ်သက်၍ မှောင်ခိုရောင်းဝယ် မှုများနှင့် တရားမဝင်တင်ပို့မှုများကြောင့် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသို့ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရန် အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများက ကြပ်မတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားငွေကြေးဈေးကွက်၌ မှန်ကန်သော အချက်အလက်ပေါ်မူတည်၍ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို သတ်မှတ်ပြီး ပြည်တွင်းသို့ ပို့ကုန်ပစ္စည်း တင်ပို့သူများ လိုအပ်သော နိုင်ငံခြားငွေများကို အဆင်ပြေ ချောမွေ့စွာရရှိနိုင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိသဖြင့် ဈေးကွက်၌ စက်သုံးဆီလိုအပ်မှုမရှိစေရန်နှင့် နိုင်ငံ့စီးပွားရေး အတွက်လိုအပ်သော ကုန်ကြမ်း ပစ္စည်းများ တင်သွင်းနိုင်ရန်တို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ Online တွင် တရား မဝင်သော ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်း မဟုတ်ဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ရည်ရွယ်၍ ဈေးကစားမှုများနှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူရန်ရှိကြောင်း၊ ပို့ကုန်ရငွေဝင် ရောက် မှုမရှိသော ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေဝင်ရောက်စေရန် ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း၊ အမည်ခံပို့ကုန်တင်ပို့မှုများကို စိစစ်အရေး ယူဆောင်ရွက်လျက် ရှိကြောင်း၊ Online Market Rate ဖြင့် Importer အမည်ခံဖြင့် နိုင်ငံခြားငွေရယူပြီး အခြားသူများအား တရားမဝင်ဈေးဖြင့် ညှိနှိုင်း၍ ရောင်းချ ခြင်းမဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ က Online Trading တွင် ပါဝင်ဝယ်ယူလို သောကိစ္စရပ်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်မည့် အစီအစဉ်များ၊ တရားမဝင် ရောင်းဝယ်မှုမှ ကုန်ဈေးနှုန်းမြှင့်၍ ဝယ်ယူပြီးကုန်ဈေးနှုန်းမြင့်တက်ခြင်း အခင်းအကျင်း ဖြစ်ပေါ် လျက်ရှိသည့် အခြေအနေများ၊ ပို့ကုန်ရငွေကို သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များက Trade Financing ရယူလိုသော ကိစ္စရပ်များ၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် မှောင်ခိုရောင်းဝယ်မှုများကို ပိုမို လျှော့ချစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တားဆီးရေးကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


#MyanmarNationPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)