တာမွေမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ






MNP ၊  ဩဂုတ်  ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ ၊ လူငယ် လူရွယ်လေးများအနေဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန်ပြန့် သိရှိပြီး အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာ‌ရေးကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျောင်းသား/ သူများအား အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာန)မှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်နှင်းအေးက စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာ၊ အမူအကျင့်ကောင်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ် နိုင်စေရေး၊ သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သရုပ်ဖော် တေးသီချင်းများဖြင့်  ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များအား ကျောင်းသူလေးများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာန)မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူလေးများနှင့် ဖိတ်ကြားထားသော ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်လူဦးရေထူထပ်များပြားလာသည် နှင့်အမျှ အမှိုက်စွန့်ပစ်မှုများမှာလည်း တစ်စထက်တစ်စ မြင့်မားလာပြီး သဘာဝပတ်ဝန်းကျင်၊ ရေ၊မြေနှင့် သက်ရှိသတ္တဝါများ၏ ဘဝရပ်တည်ရေးအတွက် ပြဿနာတစ်ခုသဖွယ် ဖြစ်လာနိုင်သည့်အတွက် စွန့်ပစ် အမှိုက်များကို စီမံခန့်ခွဲမှုများ ပြုလုပ်၍ ခွဲခြားစွန့်ပစ်ရန်မှာ များစွာလိုအပ်လာပါသည်။ ထို့ကြောင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ( မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေဖြင့် ရန်ကုန်မြို့နေပြည်သူများအား အမှိုက်စိုနှင့်အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ များအား စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြ စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲများအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)