MNP ၊ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျပန်းစကားပြောပြိုင်ပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြမွန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်က ကျပန်းစကားပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ဂိမ်းခေါင်းစဥ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို တစ်ဦးချင်းစီယှဥ်ပြိုင်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှုးဦးမြင့်ခိုင်က ကျောင်းနှင့်မီးဘေးအန္တာရယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှုး ဒေါ်ခိုင်ဇာဝေက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း ၊မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ငွေစိုး(ရွှေကြန့်မြေ)က လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် လူငယ်များစာပေ ပိုမိုဖတ်ရှုလာစေရေး၊ လူငယ်များအသိပညာ အတတ်ပညာမြင့်မားရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောကြားပေးခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းထားသည်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဌေးလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment