တရုတ်နိုင်ငံနှင့် အာဖရိကဒေသ ခေတ်မီအသွင်ပြောင်းမှုအတွက် အတူတကွဆောင်ရွက်သွားရန် သမ္မတ ရှီ တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံနှင့် အာဖရိကဒေသ ခေတ်မီအသွင်ပြောင်းမှုအတွက် အတူတကွဆောင်ရွက်သွားရန် သမ္မတ ရှီ တိုက်တွန်း





ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၅

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဩဂုတ် ၂၄ ရက်က အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပြီး ခေတ်မီအသွင်ပြောင်းရေးအတွက် တရုတ်နိုင်ငံနှင့် အာဖရိက အတူတကွ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အာဖရိကဒေသ၏ စက်မှုအသွင်ပြောင်းရေးအတွက် ပံ့ပိုးကူညီခြင်းဆိုင်ရာ အဆိုပြုချက် ကြေညာသွားမည်ဖြစ်ပြီး ယင်းမှာ အာဖရိကအား ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှုနှင့် စက်မှုအသွင်ပြောင်းမှုနှင့် စီးပွားရေး ပုံစံအမျိုးမျိုးပေါ်ပေါက်ရေးကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်အောက်ရှိ အစီအစဉ် ၉ ခုမှတစ်ဆင့် စက်မှုအသွင်ပြောင်းရေး အစီအစဉ်များအတွက် အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး စသည့်အရင်းအမြစ်များ ပိုမိုဖော်ဆောင်ပေးမည်ဖြစ်ကြောင်း အဆိုပြုချက်က အလေးထားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဖရိက၏ စိုက်ပျိုးရေးခေတ်မီအသွင်ပြောင်းမှုအတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီခြင်း အစီအစဉ်ကို ကြေညာသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက စားနပ်ရိက္ခာစိုက်ပျိုးရေး တိုးချဲ့ရန် အာဖရိကအား ကူညီသွားမည်ဖြစ်ကြောင်းနှင့် အာဖရိကတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တရုတ်ကုမ္ပဏီများကို တွန်းအားပေးမည်ဖြစ်ကြောင်း ရှီက ထည့်သွင်းပြောခဲ့သည်။

တရုတ်နိုင်ငံက ယခုနှစ်နိုဝင်ဘာလတွင် ဒုတိယအကြိမ် စိုက်ပျိုးရေးဆိုင်ရာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဟိုင်နန်ပြည်နယ်တွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ စားနပ်ရိက္ခာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရန်လိုအပ်နေသော အာဖရိကနိုင်ငံအချို့ကို အရေးပေါ် စားနပ်ရိက္ခာအကူအညီ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက အရည်အချင်းတိုးတက်မှုဆိုင်ရာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်ကိုလည်း စတင်မည်ဖြစ်ကာ နှစ်စဉ် အာဖရိကဒေသအတွက် သက်မွေးဝမ်းကျောင်းကောလိပ်များမှ ကျောင်းအုပ်များနှင့် အရည်အချင်းရှိသော ကျောင်းဆရာ/ဆရာမ ၅၀၀ ဦးနှင့် နည်းပညာဆိုင်ရာဝန်ထမ်း ၁၀,၀၀၀ ဦးအား တရုတ်ဘာသာစကားနှင့် သက်မွေးဝမ်းကျောင်း အရည်အသွေးများ လေ့ကျင့်ပေးရန် စီစဉ်ထားကြောင်း ရှီက ဆိုသည်။

လာမည့်လတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် G20 တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေး အာဖရိကသမဂ္ဂကို ထောက်ခံပေးရန် တရုတ်နိုင်ငံက တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)