MNP ၊ ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခြေခံစာကြည့်တိုက်ပညာ သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာ စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မြိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မအိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေက အမှာစကားပြောကြားခဲ့သည်။
“ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်၊ စာအုပ်၊ စာပေများ ဖတ်ရှုသည့် အလေ့အထရရှိလာအောင် စည်းရုံးဆောင်ရွက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်၊ စာကြည့်တိုက်ပညာကို တတ်ကျွမ်းနားလည်ပြီး အရည်အသွေးမြှင့်မားသော စာကြည့်တိုက်မှူးကောင်းများ ပေါ်ထွန်းလာစေရန်” ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ရှင်းလင်း ပြောကြားခဲ့ပြီး ပထက်ကျေးရွာစာကြည့်တိုက်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ သင်တန်းကို စတင် သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဩဂုတ်လ(၅)ရက်နေ့ မှ(၆)ရက်နေ့အထိ (၂)ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပေးသွားမည်ဖြစ်ရာ ကျေးရွာမှ စိတ်ပါဝင်စားသူ (၂၀) ဦး အား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်
https://t.me/MyanmarNationalPost



No comments:
Post a Comment