(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊ ဩဂုတ် ၁၁

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုaရတနာခန်းမ၌ ကျင်းပရာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေး မှူးချုပ်များ၊ အကဲဖြတ်ပညာရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်က စတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော် အဆင့်အထိ ခမ်းနား သိုက်မြိုက်စွာ နှစ်စဉ် ရည်ရွယ်ချက် ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သို့သော်၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကာလအတွင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ယခင် ပြည်ထောင်စု အစိုးရမှ ကျင်းပပေးနိုင်ခဲ့ခြင်းမရှိကြောင်း၊ ထိုသို့ကြာမြင့်ချိန် ကာလအတွင်း ပြိုင်ပွဲ အချို့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ပညာရပ်များနှင့် ကင်းကွာစပြုလာသလို သဘာရင့် ဝါရင့် သက်ကြီး ပညာရှင်အချို့ တိမ်ပါးကွယ်လွန်ခဲ့ခြင်းများလည်းရှိခဲ့ကြကြောင်း၊ အခြားတစ်ဘက် တွင်လည်း ထိုကာလ မတိုင်ခင်ကထဲကပင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု စရိုက်လက္ခဏာ နှင့် ဆန့်ကျင်သည့် သရုပ်လွန် ဂီတများ၊ စကားလုံး ကြမ်းကြမ်းဖြင့် တေးသီချင်းများ၊ ငြိမ့် ညောင်း ညက်ညောမှု၏ ဆန့်ကျင်ဘက်ဖြစ်သည့် လှုပ်ရှား ကပြ မှုများသည် လူငယ်ထု အတွင်း အတိုင်းအတာတစ်ခုအထိ ထိုးဖောက် ဝင်ရောက်စ ပြုလျက်ရှိခဲ့ ကြောင်း။


ထိုသို့သော အခြေအနေများကြားတွင် မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များကို ထိန်းသိမ်းဆောင်ရွက်ထားသူ ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမ ပညာရပ် များကို မြတ်နိုးဖက်တွယ်ထားသူ ဝါသနာရှင် လူငယ်များအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်း လာရေး ကိုအား ကိုးတကြီး မျှော်လင့်ခဲ့ကြကြောင်း။


၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနား နားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကျွမ်းကျင်ပြီး အတွေ့ အကြုံ ရင့်ကျက်မှုအပြင် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ပြီး၊ အဂတိတရား ကင်းရှင်းသည့် အကဲဖြတ် ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင် နိုင်ရေးအတွက်လည်း အလေးအနက်ထား မှာကြားခဲ့ကြောင်း။


ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင် များ၊ ဆပ်ကော်မတီဝင်များဖြင့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်  ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် အနုသုခုမ ဆိုင်ရာ ရှုထောင့်အပြင် လုံခြုံရေးရှုထောင့်နှင့်ထိုစဉ်က ရောဂါလက္ခဏာ အရှိန်အဟုန်  အနည်းငယ် ရှိနေသေးသည့် ကိုဗစ် ၁၉ ရောဂါကို အကြောင်းပြုသည့် ကျန်းမာရေး ရှုထောင့်ကပါ ပြည့်စုံစေ့စပ်စွာ ကြိုတင်စဉ်းစား ဆောင်ရွက်ခဲ့ကြသည့်အတွက် (၂၃) ကြိမ်မြောက် ပြိုင်ပွဲကြီးသည် ရွက်ပုန်းသီး အနုပညာရှင်များစွာ ပေါ်ထွက်လာမှု နှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း။


ပြိုင်ပွဲဝင် အင်အားအနေဖြင့်လည်း နောက်ဆုံးပြိုင်ပွဲကြီး ကျင်းပရန် နီးကပ် ချိန်အထိ ကြိုတင်မျှော်မှန်းထားသည့် အရေအတွက်ထက် တက်ကြွစွာ ပိုမိုပါဝင် ခဲ့သည့်အတွက်လည်း  ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲအခမ်းအနားကြီးတစ်ခုကို အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရကျိုးနပ်သည့် ရလဒ်ပင်ဖြစ်ပါကြောင်း။


မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ပြည်စုံသည့် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်းနှင့် ချီပြီး ရှည်လျားခဲ့သည့် ရိုးရာ အစဉ်အလာဒြပ်ရှိဒြပ်မဲ့ အထောက်အထားများ အပြင် အဆင့်ဆင့် ပြောင်းလဲတိုး တက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမ အစဉ်အလာများသည် အဆိုပါနိုင်ငံ ၏ ထူးခြားပေါ်လွင်သည့် အဓိကသွင်ပြင်လက္ခဏာများပင်ဖြစ်ကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူထမ်းဆောင်ရာတွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မ (၂၇) အရ နိုင်ငံတော်သည်  အမျိုးသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေး အတွက် ကူညီ ဆောင်ရွက်မည့် အချက်အားလည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေး နှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်အား လည်းကောင်း၊ ပုဒ်မ ၃၉၀ (က) အရ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်အားလည်းကောင်း အလေးထားလျက် ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် (၂၃) ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာ ကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် အဆို၊ အက၊အရေး၊အတီး ပြိုင်ပွဲကြီးကိုလည်း နိုင်ငံတော်အဆင့် အားလျော်စွာ ခမ်းနား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး အတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးကို  ကျင်းပ ခြင်းဖြစ်ကြောင်း။


ထို့ကြောင့် နိုင်ငံတော်က ဦးတည်ချက်ချမှတ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (၂၄)ကြိမ် မြောက် ပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ ပြိုင်ပွဲဝင် ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ် ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ မျိုးဆက်သစ် ရွက်ပုန်းသီးပြိုင်ပွဲဝင် လူငယ် မောင်မယ်များ အင်ပြည့်အား ပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြရန် အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သက်ဆိုင် ရာ ကဏ္ဍအလိုက် ဝိုင်းဝန်း ဆွေးနွေး သွားကြရန် တိုက်တွန်းပါကြောင်းနှင့် ယခင် (၂၃) ကြိမ်မြောက်ပြိုင်ပွဲမှ အားနည်း ချက်များကို  သင်ခန်းစာယူ၍ အားသာချက် များ အဖြစ်ပြောင်းလဲကာ ပြိုင်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုး ပန်း ဆောင်ရွက်ကြစေ လိုကြောင်း ဖြင့်ပြောကြားသည်။


ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဦးလွင်က ယခင်ပြိုင်ပွဲ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့် ဆု ချီးမြှင့်မည့် အခြေအနေများ ကိုရှင်းလင်း တင်ပြသည်။                                                                     


ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊  ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ် များကိုရှင်းလင်းတင်ပြသည်။                                                                 


ထို့နောက် ပြည်‌ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးတို့နှင့်ပါတ်သပ်၍ ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် လုံးခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနား ပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေး၊ ကြိုဆိုရေး နှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီ၊ တည်းခိုရေးနှင့် ပြိုင်ပွဲကျင်းပမည့်နေရာ အုပ်ချုပ် ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်း တင်ပြ ကြသည်။


ထို့နောက် အကဲဖြတ်ပညာရှင်များနှင့် အစည်းအဝေးသို့တက်ရောက် လာကြ သည့်တာဝန်ရှိသူများက  (၂၄) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုတ် သိမ်းလိုက်ကြောင်းသတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)