ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိ




MNP ၊ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီးအတွင်း ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသဖြင့် ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး ရထားလမ်း၊ ပဲခူး-ဘုရားကြီး ဘူတာကြား မိုင်တိုင် ၄၆ မိုင် ၁၅ ဖာလုံမှ ၄၇ မိုင် ၃ ဖာလုံအထိ ရထားလမ်းပိုင်းသံလမ်းပေါ် (၁၀)လက်မခန့်ရေကျော်မှု ဖြစ်ပွားခဲ့ပြီး၊ ရထားများစေလွှတ်ရန် မဖြစ်နိုင်သဖြင့် ပဲခူး-ဘုရားကြီး လမ်းပိုင်းအား ညနေ  ၆ နာရီ ၄၁ မိနစ်တွင် ပိတ်ထားခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ်(၅) အဆန်လူစီးအမြန်ရထားသည် ခရီးသည် ၃၈၉ ဦးဖြင့် ည ၇ နာရီတွင်လည်းကောင်း၊  အမှတ်(၃) အဆန်လူစီးအမြန်ရထားသည် ခရီးသည် ၃၂၈ ဦးဖြင့် ည ၇ နာရီ ၅၀ မိနစ်တွင်လည်းကောင်း ပဲခူးဘူတာသို့ ရောက်ရှိရပ်တန့်ခဲ့ရသည်။ 

အဆိုပါ ရထားပေါ်လိုက်ပါစီးနင်းလာသူ ခရီးသည်များ၏ လုံခြုံရေးနှင့် အစားအသောက်များ အဆင်ပြေစေရေးတို့အတွက် မြန်မာ့မီးရထားနှင့် ရထားရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် အမှတ်(၉၉၄) အစုန်ကုန်ရထားသည် ပျဉ်ပုံကြီးဘူတာသို့ ညနေ ၅ နာရီခွဲတွင် လည်းကောင်း၊ အမှတ် (၉၂၄) အစုန်ကုန်ရထားသည် ကဒုတ်ဘူတာသို့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၂၇၂) အစုန်ကုန်ရထားသည် ကလိဘူတာသို့  ည ၈ နာရီခွဲတွင် လည်းကောင်း၊ အမှတ်(၉၀၄) အစုန်ကုန်ရထားသည် ပိန်းဇလုပ်ဘူတာသို့ ည ၈ နာရီ ၄၅မိနစ် တွင်လည်းကောင်း၊ အမှတ်(၁) အဆန်စာပို့ရထားသည် ကျောက်တန်း ဘူတာသို့ ည ၁၁ နာရီ ၁၇ မိနစ်တွင် လည်းကောင်း ရောက်ရှိခဲ့သည်။

အမှတ်(၂) အစုန်စာပို့ရထားသည် ပြွန်တန်ဆာဘူတာသို့ ယနေ့ နံနက် ၂ နာရီ ၂၃ မိနစ်တွင်လည်းကောင်း၊ အမှတ်(၆) အစုန်လူစီးအမြန်ရထားသည် ခရီးသည် ၆၀၉ ဦးဖြင့် ပျဉ်ပုံကြီးဘူတာသို့ နံနက် ၅ နာရီ ၁၇ မိနစ်တွင်လည်းကောင်း၊ အမှတ်(၄)အစုန် လူစီးအမြန်ရထားသည် ခရီးသည် ၄၂၅ ဦးဖြင့် ဒိုက်ဦးဘူတာသို့ နံနက် ၆ နာရီခွဲတွင်လည်းကောင်း ရောက်ရှိရပ်တန့်ခဲ့ကြောင်းနှင့် နံနက် ၉ နာရီ ၃၅ မိနစ်တွင် တိုင်းတာချက်အရ သံလမ်းပေါ်သို့ ရေ(၈)လက်မ ကျော်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲမှစ၍ ပဲခူးဘူတာရှိ အမှတ်(၅) အဆန်နှင့် အမှတ်(၃) အဆန် လူစီး အမြန်ရထားပေါ်မှ ခရီးသည်များကို ပျဉ်ပုံကြီးဘူတာသို့ လည်းကောင်း၊ ပျဉ်ပုံကြီးဘူတာရှိ အမှတ်(၆)အစုန်နှင့် အမှတ်(၄)အစုန် လူစီးအမြန်ရထားပေါ်မှ ခရီးသည်များကို ပဲခူးဘူတာသို့ လည်းကောင်း RBE ရထား ၃ စီးဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး လိုရာခရီးသို့ ဆက်လက် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ 

ရထားလမ်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချရသည့် အခြေအနေရှိပါက ကျန်ရှိသော လူစီးရထားများကို ဆက်လက်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)