စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားများ တက်ရောက်




MNP ၊  ဩဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မိသားစုစည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်မှပေးအပ်သည့် တာဝန် များအား သစ္စာရှိရှိဖြင့်ကျေပွန်အောင် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ တာဝန်ထမ်း ဆောင်နေမှုအား အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ဝန်ထမ်းများ၏ သက်သာချောင် ချိရေးကိုရှေးရှု၍လည်းကောင်း မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဝန်ထမ်းနှင့်မိသားစုများ၏ စားဝတ်နေရေး အထိုက်အလျောက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူများ၏သက်သာချောင်ချိရေး အတွက်လည်း အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်တို့အား မူလတန်ဖိုးထက် ဈေးနှုန်းသက်သာစွာဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ရောင်းချပေးခဲ့မှုကြောင့် ပြည်သူများအနေဖြင့် ကျပ် ၄၇ သန်းကျော် ကုန်ကျစရိတ် သက်သာခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဆက်လက်၍ ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် နိုင်ငံ့တာဝန်များအား သစ္စာရှိရှိဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်များအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရှိရဲတပ်ဖွဲ့ဝင်များသည် ပေးအပ်သောလုံခြုံရေးတာဝန်များကို အသက် ပဓနမထားဘဲ ကျေပွန်စွာဆောင်ရွက်၍ ဒေသတည်ငြိမ်အေးချမ်းမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြတာကို တွေ့ရှိရပါကြောင်းနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်မှုများကြောင့်လည်း အောင်မြင်မှုများစွာရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များအား စွမ်းစွမ်းတမံ ဆက်လက်ထမ်းဆောင် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။                          


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် ရဲတပ်ဖွဲ့ဝင်များကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ယနေ့အခမ်းအနားများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၂၄ ပြည်ဝင်အိတ် (၁၅၁) အိတ်၊ ဆီ တစ်ပိဿာဘူး (၉၀၅) ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။    


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)