နိုင်ငံအတွက် ပညာပြည့်ဝပြီး ဗလငါးတန် ပြည့်စုံသော လူငယ်များဖြစ်အောင်ပြုစုပျိုးထောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံအတွက် ပညာပြည့်ဝပြီး ဗလငါးတန် ပြည့်စုံသော လူငယ်များဖြစ်အောင်ပြုစုပျိုးထောင်



MNP ၊ ဩဂုတ် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားသင်ယူကြရန် မှာကြားသည်။


တွေ့ဆုံပွဲသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ တို့ တက်ရောက်ကြသည်။


ဒုတိယဝန်ကြီးက လူငယ်များသည် အနာဂတ်အတွက် နိုင်ငံတော်ကအားထားရမည့်သူများဖြစ်ရန် လိုအပ်ကြောင်း၊ ပညာရည်နိမ့်ပါးသူများ အသိပညာ၊ အတတ်ပညာမပြည့်စုံသူများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်၍မရကြောင်း၊ နိုင်ငံအတွက် ပညာပြည့်ဝပြီး ဗလငါးတန် ပြည့်စုံသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ရန်အရေးကြီးကြောင်း၊ ထိုသို့ဖြစ်ရန်မှာ ပညာရေးသည် အခြေခံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အတတ်ပညာသာမက အသိပညာပါ ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်းလူတော်များဖြစ်လာအောင် မိဘများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကလည်း ရည်မှန်းချက်၊ ရည်ရွယ်ချက်များထားပြီး မိမိဘဝ၊ မိသားစုဘဝနှင့် နိုင်ငံတော်က အားထားရသည့် သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ဆရာ ဆရာမများက လက်ခံရယူကြသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းစာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို အားကိုးအားထားပြုနိုင်ရေး၊ စာပေဖတ်ရှု လေ့လာနိုင်ရေး အလေးထားဆောင်ရွက်ပေးရန် အားပေးမှာကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)