နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


MNP ၊ ဩဂုတ် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးကော်မတီသည် နိုင်ငံ၏စီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အရေးကြီးသည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊ စီးပွားရေးတွင် ပြည်တွင်းစီးပွားရေးနှင့် ပြည်ပစီးပွားရေးနှစ်ခုရှိကြောင်း၊ ကိုဗစ်ကာလအတွင်း ကုန်ထုတ်လုပ်မှုများအားနည်းခဲ့သည့်အပြင် ပို့ဆောင် ရေးဆိုင်ရာလုပ်ငန်းရပ်များတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကြောင့် ကုန်သွယ်ရေကိုလည်း ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ကိုဗစ်ကာလတွင် မိမိတို့တစ်နိုင်ငံထဲမဟုတ်ဘဲ တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းခဲ့ကြောင်း၊  အလားတူ အခြားနိုင်ငံများတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ နှောင့်နှေးမှုများကြောင့် အချိန်မီ ငွေပေးချေနိုင်ခြင်းများမရှိခဲ့ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ ကန့်သတ်ချက်ရှိခြင်း၊ သင်္ဘောလိုင်းများ ငှားမရခြင်းတို့ကြောင့် မိမိတို့နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအရသဘောထားကွဲလွဲမှုကြောင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ၊ သင်္ဘောများကုန်တင်ရန် ကြံ့ကြာခြင်းများဖြစ်ခဲ့ကြောင်း။

ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ အစိုးရတစ်ဆက်လျှင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ခန့်စီရှိပြီး စုစုပေါင်း ၂၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ကြောင်း၊ ၎င်းလိုငွေများကို ထောက်ပံ့ကူညီမှုနှင့် ချေးငွေရယူမှုတို့ဖြင့်သာ ကျားကန်ရပ်တည်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ကုန်ထုတ်လုပ်မှုထိခိုက်ပြီး ပို့ကုန်များကျဆင်းခဲ့ကြောင်း၊ ဝိုင်းဝန်းပိတ်ဆို့မှု ဖျက်လိုဖျက်ဆီးလုပ်မှုများ အကြားမှနိုင်ငံ့စီး ပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း၊ ၂၀၁၉ - ၂၀၂၀ ခုနှစ် တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ GDP ၉ ရာခိုင်နှုန်း အထက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့သည်များလည်းတွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရခဲ့သည်ကို ပြည်သူများအားလုံးသိရှိရန်လိုကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကိုဗစ်ကာလအတွင်း ထိခိုက်မှုများရှိခဲ့သော်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတတ်နိုင်ဆုံး အထိခိုက်မခံဘဲ ဆောင်ရွက်စေသကဲ့သို့ အများစုအလုပ်လုပ်ကိုင်ကြရသည့် CMP လုပ်ငန်းများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး စီးပွားရေးတိုးတက်မှုရှိအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းမြှင့်တင်ရန်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိကြောင်း၊ လျှပ်စစ်နှင့် ပတ်သက်၍ ရေရှည်စီမံချက်ဖြင့်ဆောင်ရွက်သည့် စီမံကိန်းကြီးများ နှောင့်ယှက်မှုများရှိသဖြင့် ရပ်ဆိုင်းခဲ့ရသည့် အကျိုးဆက်ပင်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးခန့် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်တွင်းစားသုံးဆီလုံလောက်မှုရှိအောင် ဆောင်ရွက်နိုင်သော်လည်း ထိရောက်စွာ ဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စားသုံးဆီထုတ်လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေး၍  ပြည်တွင်း ဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံပြီး၎င်းမှတစ်ဆင့် ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည့် Exporter အဆင့်သို့ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့ရသင့်ရထိုက်သည့် နိုင်ငံခြားငွေများကိုမရရှိအောင် နည်းအမျိုးမျိုးဖြင့် ထားဆီးထားပြီး စီးပွားရေးအကျပ်အတည်းဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိသဖြင့် ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိစေရေး နိုင်ငံနှင့်ပြည်သူလူထုအတွက် အရေးကြီးသည့် ကုန်စည်တင်သွင်းခြင်းနှင့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါအခြေအနေအပေါ်တွင် သတင်းမှားများဖန်တီးခဲ့ပြီး ကုန်ဈေးနှုန်းများကို ဆွဲတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊  အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးအတွက်လိုအပ်သော စက်သုံးဆီနှင့် မြေဩဇာများလုံလောက်စွာရရှိရေးနှင့် အချိန်မီရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ဈေးနှုန်းကြီးမြင့်မှုများရှိနေခြင်းသည် ဥပမာတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့်ပတ်သက်ပြီး မိမိတို့စီးပွားရေးကော်မတီအနေဖြင့် ခြုံငုံနားလည်ထားရန်လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ Quick Win ဖြစ်မည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေကြသည်ကိုတွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးထက်များပြားနေသည်ကို တွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ် ဆောင်ရွက်ရန်လိုကြောင်း။

တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေး ယူလျက်ရှိကြောင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ငွေးကြေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေး ပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင်တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင် ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ်မလုပ် နိုင်စေရန်ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် ထိရောက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများရပ်တန့်ထားခဲ့ရကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သွင်းကုန်များနှင့်ပတ်သက်၍ လိုအပ်သည့်ကုန်ကြမ်းများကို နိုင်ငံအတွင်း၌ ထုတ်လုပ်၍ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်ကုန်များထုတ်လုပ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် အကျိုးအမြတ်အလွယ်တကူဖြင့် မြိုးမြိုးမြတ်မြတ်ရရှိနိုင်သည့် လုပ်ငန်းများကိုသာအဓိက ဆောင်ရွက်လိုကြကြောင်း၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ နည်းပါးခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုနည်းပါးသဖြင့် ပြည်ပမှ သွင်းကုန်များ နှစ်စဉ်တင်သွင်းနေရကြောင်း။

မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက်စွာဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှုများနည်းပါးခဲ့ကြောင်း၊ အထူးစီးပွားရေးဇုန်များဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုစေနိုင်သောကြောင့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးသည့် ဝိသမလောဘသမားများရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွားရေးလုပ်ငန်းရှင်များလည်းရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှု (Incentive) များလုပ်ဆောင်ပေးရန်လိုကြောင်း၊ ယခင်က ပြည်ပပို့ကုန်တင်ပို့နေမှုများ၌ ပို့ကုန်ရငွေကို ၁၀၀ ရာခိုင်နှုန်း အပ်နှံစေခဲ့ကြောင်း၊ နောက်ပိုင်း၌ ၆၅ ရာခိုင်နှုန်းဖြေလျှော့ပေးခဲ့ကြောင်း၊ ယခုလက်ရှိကာလတွင် ၅၀ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ကြောင်း၊ ယခင် ၁၀၀ ရာခိုင်နှုန်းအပ်နှံစေခဲ့စဉ်က စောဒကမရှိသလောက် ဖြစ်သော်လည်း ၆၅ ရာခိုင်နှုန်းတွင် စောဒကများရှိလာပြီး ယခု ၅၀ ရာခိုင်နှုန်း၌ ပိုမိုများပြားလာကြောင်း၊ ယင်းအတွက်လည်း ရှင်းလင်းပြပြီးဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက်ကိုင်တွယ်မှုကို လျှော့နိုင်သမျှလျှော့ရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေးပျက်ယွင်းအောင် ဆောင်ရွက်နေမှုများကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပြည်ပဝင်ငွေရရှိ အောင်ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေမှုများအပေါ် အကောင်းဆုံးဖြစ်အောင်စဉ်းစား၍ အားပေးချီးမြှင့်မှု(Incentive)များ ဆောင် ရွက်ပေးလျက်ရှိကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်များ၊ စက်မှုဇုန်ကိုသတ်မှတ်၍ မြေနေရာများချပေးထားကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာချထားပေးသည့် မြေနေရာများကိုလည်း အမှန်တကယ်အသုံးပြုရန်လိုကြောင်း၊ အချို့မွေးမြူရေးဇုန်များ၌ လုပ်ငန်းများဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ စိစစ်ကြပ်မတ်မှုများ အားနည်းခြင်းကြောင့် စက်မှုဇုန်များ၌လည်း စက်မှုလုပ်ငန်းများနှင့် မသက်ဆိုင်သည့် လူနေအိမ်များ တည်ဆောက်ထားရှိမှုများကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုမွေးမြူရေးဇုန်များ၊ စက်မှုဇုန်များ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေနေရာယူထားပြီး မလုပ်ကိုင်မှုများရှိပါက အမှန်တကယ်လုပ်ကိုင်လိုသူများကို ပြန်လည်ချထားပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အထောက်အကူပြုသည့် စက်ယန္တရားများ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအတွက် တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက် အကျိုးပြုစေမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း။

မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသထွက်စားသောက်ကုန်များ သန့်ရှင်းကောင်းမွန်မှုများရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ တည်ခိုးရေးနှင့်သက်ဆိုင်သည့် ဟိုတယ်များနှင့်တည်းခိုခန်းများ၊ စားသောက်ရေးနှင့် အသုံးအဆောင်ပစ္စည်းများ အဆင့်အတန်းရှိရှိဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများလည်းပါဝင်ကြောင်း၊ အဆိုပါဝန် ဆောင်မှုလုပ်ငန်းများတွင် ဘဏ်စနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အားလုံးမှအမြင်ကျယ်ကျယ်ဖြင့် ရှုမြင်သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံခြားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချီးမြှင့်ငွေများ ပေအပ်ချီးမြှင့်မှုအခြေအနေများ၊ လမ်းများအဆင့်မြှင့်တင်ခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အထွေထွေဆွေးနွေးခြင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ GDP တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလုပ်ငန်းရှင်များအား ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်းခွင့်ပြုပေးမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များကို အားပေးဆောင်ရွက်လျက်ရှိမှုနှင့် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီအုန်းသီးနှံစိုက်ပျိုးရေးနှင့် ထုတ်လုပ်နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများတိုးတက်စေရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုအခြေအနေများကိုလည်းကောင်း၊ တရုတ် နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှထွက်ကုန်များကို ပြသဆောင်ရွက်နိုင်ခဲ့မှု၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး စစ်ဆေးဆောင်ရွက်လျက်ရှိမှုနှင့် တရားမဝင်ကုန်သွယ်မှုဆောင်ရွက်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ကုမ္ပဏီများမှ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆီအုန်းသီးနှံများစိုက်ပျိုးရာတွင် စနစ်တကျဖြင့်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆီကြမ်းမှ ဆီချောထုတ်ပေးသည့်စက်များ အမြန်ဆုံးတည်ဆောက်နိုင်ရေးနှင့် လုပ်ငန်းများ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆီကြမ်းစက်ရုံများနှင့် ဆီချောစက်ရုံများကို ဆီထုတ် လုပ်ရန်အတွက် အဓိကကျသည့်နေရာများတွင် တည်ဆောက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းဖြင့်သုံးစွဲရာတွင် ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်မှာကြားပြီး လုပ်ငန်းများစနစ်တကျဖြစ်စေရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)