MNP ၊ ဩဂုတ် ၁၃
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ် များနေ့အတွက် “ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များ အချင်းချင်းပူးပေါင်း၍ လူငယ်များ၏စွမ်းအားကိုအသုံးပြုပြီး ကမ္ဘာကြီးရေရှည်တည်တံ့နိုင်စေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီးဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များစနစ်တကျချမှတ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဦးဆောင်ဝန်ကြီးဌာနများဖြစ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်လူငယ်မောင်/မယ်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အနာဂတ် တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် လူကောင်းလူတော်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ၏စွမ်းပကားဖြင့် လူမှုစီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr . Antonio Guterres က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့လာသည့်သဝဏ်လွှာကို မြန်မာနိုင်ငံလူငယ် ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က ဖတ်ကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း (Video Clip)ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ထူးချွန်ဆုရလူငယ်များအားဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး(ဝဲပုံ)လူငယ်များ ကိုယ်စား ထူးချွန်လူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment