သတင်းစာစက္ကူစက်ရုံ (သာပေါင်း) စတင်ဖွင့်လှစ် လည်ပတ်ပြီ၊ ရပ်နားထားရသည့် ကာလ အပျက်အစီးနည်းအောင် ထိန်းသိမ်းစောင့်ရှောက်ပေးထားသော ဝန်ထမ်းများကို နိုင်ငံတော်ဝန်ကြီးချုပ် က ကျေးဇူးတင်စကားဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သတင်းစာစက္ကူစက်ရုံ (သာပေါင်း) စတင်ဖွင့်လှစ် လည်ပတ်ပြီ၊ ရပ်နားထားရသည့် ကာလ အပျက်အစီးနည်းအောင် ထိန်းသိမ်းစောင့်ရှောက်ပေးထားသော ဝန်ထမ်းများကို နိုင်ငံတော်ဝန်ကြီးချုပ် က ကျေးဇူးတင်စကားဆို











MNP ၊ သြဂုတ် ၁၃

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) စတင်ဖွင့်လှစ်လည်ပတ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်ရုံနေရာသို့ ရောက်ရှိကြရာ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာ စက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများ၊ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

စက်ရုံအစည်းအဝေးခန်းမမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက သာပေါင်းစက္ကူစက်ရုံအတွက် ကုန်ကြမ်းရရှိနိုင်မှု၊ လေ့လာဆန်းစစ်ချက်များအရ ဝါးအမျိုးမျိုးမှ ပျော့ဖတ်ရရှိနိုင်မှုနှင့် စက္ကူပျော့ဖတ်ထုတ်လုပ်နိုင်ရေး စိုက်ပျိုးသင့်သည့် ဝါးများနှင့် သစ်မျိုးများအား ဆန်းစစ်ဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိကသစ်မာစိုက်ခင်းများမှ စက္ကူပျော့ဖတ်ကုန်ကြမ်းရရှိနိုင်မှု၊ စက်ရုံအတွက် ပျော့ဖတ်ကုန်ကြမ်းရရှိနိုင်ရေး ဝါးနှင့်သစ်မာစိုက်ခင်းတည်ထောင်ရန် မြေနေရာခွင့်ပြုပေးထားမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က သတင်းစာစက္ကူစက်ရုံ (သာပေါင်း) လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ဓာတ်ငွေ့များပို့လွှတ်နိုင်ရေး ကန်ကြီးထောင့် - သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စစ်ဆေးပြုပြင်ခြင်းဆောင်ရွက်ခဲ့မှုနှင့် ပိုက်လိုင်းအစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ သဘာဝဓာတ်ငွေ့ထိန်းချုပ်ဖြန့်ဖြူးရေးစနစ်များကို အဆင့်မြှင့်တင်ခဲ့မှု၊ စက်ရုံအတွက် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ဆိုင်ရာ အချက်အလက်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ စက်ရုံလုပ်ငန်းများအား လွှဲပြောင်းပေးအပ်နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် လွှဲပြောင်းပေးအပ်ခဲ့မှု၊ စက်ရုံ၌ဝန်ထမ်းများ တာဝန်ထမ်းဆောင်လျက်ရှိသည့်အခြေအနေများနှင့် စက်ရုံပြန်လည် လည်ပတ်နိုင်ခြင်းအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည့်အခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောက အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့ကို စက်မှုဝန်ကြီးဌာနမှ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းရယူဆောင်ရွက်ခဲ့မှု၊ စက်ရုံအတွက်လိုအပ်သည့် ဝါးနှင့်သစ်မာစိုက်ခင်းများ လိုအပ်လျက်ရှိမှုနှင့် စိုက်ပျိုးထားရှိမှု၊ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ပြန်လည် လည်ပတ်နိုင်ရေး စက်ပစ္စည်းများ၊ လိုအပ်သည်များပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ကိရိယာများ တပ်ဆင်ထားရှိမှု၊ မူလစက်တပ်ဆင်သည့် ကုမ္ပဏီမှပညာရှင်များဖြင့် စက်ကိရိယာများအားလုံး နေရာတကျဖြစ်စေရေး ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယနေ့သည် နိုင်ငံ၏စက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို ပြန်လည်လည်ပတ်နိုင်ခဲ့သည့်နေ့ဖြစ်၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ဖြစ်ပါကြောင်း၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့အနေဖြင့် ယခင်ကလုပ်ငန်းလည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့ရကြောင်း၊ နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာစသည့်စက္ကူလိုအပ် ချက်များစွာကို နှစ်စဉ်ပြည်ပမှတင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျရလျက်ရှိကြောင်း၊ ယခင်က စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့ကို ဆောင်ရွက်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ခေတ်ကာလ၏အခြေအနေအရ Online မီဒီယာအသုံးပြုမှု ပိုမိုများပြားလာပြီး Printed မီဒီယာပိုင်းအားနည်းချက်ရှိလာသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက် လျော့နည်းလာသည်ကိုတွေ့ရှိရသော်လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင်သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေ နေရဆဲဖြစ်ပြီး သတင်းစာစက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ်ရှိနေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါတယ်။

ဆက်လက်၍ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာ လိုအပ်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းများရယူရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှသယ်ယူရမည်ဆိုပါက သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအရတွက်ခြေကိုက်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများရရှိရန်လိုကြောင်း၊ သွင်းအားစုများအနက် အဓိကလိုအပ်ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့စဉ်ဆက်မပြတ်ရရှိရေး အတွက်လည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

စက်ရုံရပ်နားထားသည့်အချိန်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးစဉ် ယခင်ကထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးများစွာကောင်းမွန်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွင်းကုန်ပစ္စည်းများဖြစ်သည့် ရော်ဘာ ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုစက်ရုံမှ စက္ကူထုတ်လုပ်မှုများ  ဆက်လက်တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်း အဖြစ် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ဖွင့်ပွဲ ကို သာပေါင်းသဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေးစခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဓာတ်ငွေ့ ပိုက်လိုင်းဘားကိုလှည့်၍ သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေးစခန်းအတွင်း လှည့်လည်၍ Filtration System ၊ Pressure Regulation System ၊ Metering System တို့ဖြင့် ထိန်းသိမ်းဖြန့်ဖြူးနေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါတယ်။

သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်လည်ပတ်ခြင်းအခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူ စက်ရုံ(သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ် ခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Chip Preparation Plant ၌ နေရာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Chip Preparation Plant အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ပြီး သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို စတင်လည်ပတ်ခဲ့ပါတယ်။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်၍ Chip Preparation Plant ၊ Paper Making Plant ၊ Finishing Section တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)မှ ပထမဦးဆုံးထွက်ရှိလာသည့် သတင်းစာစက္ကူပေါ်၌ မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူ စက်ရုံ(သာပေါင်း) ပြန်လည်လည်ပတ်နိုင်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနည်းပညာရှင်များအား ဂုဏ်ပြု သစ်သီးခြင်းလက်ဆောင် ပေးအပ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) အတွင်းလှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စက်ရုံပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြပြီး နေ့လယ်စာမသုံးဆောင်မီ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုစက်ရုံသည်နိုင်ငံတော်အတွက်အရေးကြီးသည့် စက်ရုံတစ်ခုဖြစ်ပါကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့်ရပ်နားခဲ့ရပြီး ယခုအချိန်တိုအတွင်း လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းသည် မူလဝန်ထမ်းများ၏ ထိန်းသိမ်းထားရှိမှုအရည်အချင်း ကောင်းများကြောင့်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်အကျိုးရှိသည့် လုပ်ငန်းလည်ပတ်မှုဖြစ်ပြီးများစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ပြုပြင်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားရှိမှုများကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

“စာအုပ် စာပေ လူ့မိတ်ဆွေ” ဆိုသည့် ဆိုရိုး စကားနှင့်အညီ စာပေသည် လူ့ဘဝတိုးတက်ရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း၊ စာပေများကိုဖတ်ရှုနိုင်ရေးအတွက် စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများသည်မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့်အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေး ယခုစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။

အလားတူ နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စက်မှုကဏ္ဍသည်အလွန်အရေးပါကြောင်း၊ “စက်မှု စွမ်းအား ခေတ်ကျော်လွှား” ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများကို ထုတ်လုပ်၍ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျော့နည်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတွင်ရှိပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြင့် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် အခြားစက်ရုံ၊ အလုပ်ရုံများလည်ပတ်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုသတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည်လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏စက်မှုကဏ္ဍကို အသစ်တစ်ဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပြီး ယခုအခါ ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်၍ စက္ကူများထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက်လိုအပ်သည့် စက္ကူလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဝမ်းမြောက်ပီတိအပြုံးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)