ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူ ဝင်ရောက်ဖူးမျှော်ခွင့်ကို ၈-၈-၂၀၂၃ ရက်နေ့ကမှ စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။
စတင်ဖူးမျှော်ခွင့်ပြုတဲ့နေ့မှာပဲ နေပြည်တော်အနီးဝန်းကျင်က ဘုရားပြည်သူများ လာရောက်ဖူးမျှော်ကြပြီး ဒုတိယနေ့မှာဆိုရင် ရပ်နီး၊ ရပ်ဝေးက တိုင်းရင်းသားပြည်သူများ လာရောက်ဖူးမျှော်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ စတင်ဖူးမျှော်ခွင့် ပြုတဲ့နေ့ကစပြီး နေ့စဉ်ဘုရားဖူးပြည်သူများ အဆက်မပြတ် ရောက်ရှိလာခဲ့ပါတယ်။ ယမန်နေ့(စနေနေ့)ကတော့ ရုံးပိတ်ရက်လည်းဖြစ်ပြန် အနယ်နယ်အရပ်က ဘုရားပြည်သူများ လာရောက်မှု အလွန်များပြားတဲ့အတွက် ကြက်ပျံမကျ စည်ကားခဲ့သည်အထိ ဘုရားဖူးပြည်သူ လာရောက်မှု များပြားလျက်ရှိပါတယ်။
နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပနေမှုကို ကမ္ဘာကိုပြသရန်၊ နိုင်ငံ၌ ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်မအဖြစ်သာသနာ တော်ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရန်၊ ပြည်သူပြည်သားအားလုံး အေးချမ်းစွာနေထိုင် စားသောက် ပညာသင်ကြား နိုင်စေရန် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့် မေတ္တာရိပ်အောက်တွင် အားလုံး လုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန်၊ ဗုဒ္ဓဘာသာကို အခြေခံပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာ မှုဖြစ်စေရန် စသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား တည်ထားပူဇော်ခဲ့ခြင်း ဖြစ်ပါတယ်။
နေပြည်တော်မှာ အထင်ကရဖြစ်တဲ့ နေရာတွေ ရှိပါတယ်။ နေပြည်တော်ကို လာရောက်လည်ပတ်ကြသူများအနေနဲ့ ဥပ္ပတသန္တိစေတီတော်မြတ်ကြီးကိုလည်း သွားရောက်ဖူးမြော်နိုင်သလို ဗုဒ္ဓဂါယာကိုလည်း သွားရောက်လေ့လာ ဖူးမျှော်နိုင်မှာ ဖြစ်ပါတယ်။ အခြား အပျော်သက်သက် သွားရောက်လေ့လာနိုင်တဲ့ ရေပန်းဥယာဉ်လို နေရာများလည်း ရှိပါတယ်။
လက်တလောမှာတော့ နေပြည်တော်မှာ အထင်ကရဖြစ်သလို မြန်မာပြည်အတွက်လည်း အထင်ကရ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ပြည်သူအများက ပိုပြီး စိတ်အားထက်သန် လာရောက်ဖူးမျှော်နေကြတာကို မြင်တွေ့ရတဲ့အတွက် ဖူးမျှော်ခွင့်ပြုခဲ့သည်မှာ ရက်ပိုင်းအတွင်းသာ ရှိသေးပေမယ့် ယခုအခါမှာတော့ ဗုဒ္ဓဥယာဉ်တော်ရှေ့က ကားပါကင်တန်းဟာ မျက်စိတဆုံးလို့ဆိုရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဥယာဉ်တော်ရဲ့ ဝဲ၊ ယာ နှစ်ဘက်သာမက ရှေ့တည့်တည့်ဝင်ပေါက်လမ်းပါကင်မှာလည်း ဘုရားဖူးပြည်သူများရဲ့ ကားများနဲ့ ပြည့်ကြပ်လို့ နေပါတယ်။
ယခင်က ဒီနေရာတွေဟာ ဖြတ်သွားဖြတ်လာ ခရီးသွားပြည်သူ အလွန်နည်းပါးပြီး ဒေသခံများလောက်သာ ဖြတ်သန်းသွားလာမှု ရှိပါတယ်။ ယခုအခါမှာတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူများနဲ့စည်ကားလျက်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမျှော်နိုင်မည့် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယာဉ်တော်ဟာ ရက်ပိုင်းအတွင်းမှာ မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်နှင့် နေပြည်တော် ၏ အစည်ကားဆုံးနေရာ (ကြက်ပျံမကျ စည်ကားရာနေရာ) ဖြစ်လို့ လာခဲ့ပါပြီ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost






No comments:
Post a Comment