မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ ၈၀၀၀၀ ခန့် လာရောက် ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ ၈၀၀၀၀ ခန့် လာရောက် ဖူးမြော်ကြည်ညို







MNP ၊ ဩဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ရုံးပိတ်ရက်တွင်လည်း နံနက် ၆ နာရီမှစတင်၍ အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။


တာဝန်ရှိသူများက ဘူရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဦးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးသည်။


ထို့နောက် ဘုရားဖူး ရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


ဘုရားဖူး ရဟန်းရှင်လူပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာ ဖတ်ရှုကြည်ညိုနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့်  ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကို ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာတည့်တည့်၌ တည်ဆောက်ပူဇော်ထားရှိရာ စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည်။


ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားကိုးကွယ်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။


ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း  ဘုရားဖူးပြည်သူများအနေဖြင့် မိသားစုအလိုက်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။


ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရားကျောင်းကန်များအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ်များတွင်လည်း အေးချမ်းစွာ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။


ထို့ပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော်နှင့် သာသနာရေးဆိုင်ရာ အခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်  သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကိုလည်း ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားရှိမှုကိုလည်း ရဟန်း၊ ရှင်လူပြည်သူအများက ဝင်ရောက်လေ့လာကြည်ညိုကြသည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိကြပြီး ခုနှစ်ရက်သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများသုံးဆောင်နိုင်ရန်အတွက် သက်သတ်လွတ်သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းကြသည်။


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများအနေဖြင့် ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်းနှင့် ယနေ့ရုံးပိတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ ၈၀၀၀၀ ခန့် လာရောက်ဖူးမြော်ကြည်ညိုကြရာ အထူးပင်စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)