MNP ၊ ဩဂုတ် ၂၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်သန်းထွန်းနိုင်က လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများနှင့် ဆိုးကျိုးများ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဒေါပုံမြို့နယ် ဒု-မြို့နယ်ဥပဒေအရာရှိ ဦးထက်မြတ်ကျော်က လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအားလုံးပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူကုန်ကူးခံရသူများအား ဥပဒေနှင့်အညီ ကာကွယ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဥ်များ၊ လူကုန်ကူးသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများစသည်တို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ
https://t.me/MyanmarNationalPost
No comments:
Post a Comment