အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွား ရှာနေကြသူတွေအကြောင်း - - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွား ရှာနေကြသူတွေအကြောင်း -




ကျွဲနှစ်ကောက်ခတ်တဲ့ကြားက မြေစာပင် ဆိုတဲ့ စကားပုံကို ကြားခဲ့ဖူးတာတော့ ကြာပြီ။ သို့ပေသော်လည်း ကျွဲနှစ်ကောက်ခတ်တဲ့ ကြားက မြေစာပင်လို ကြေမွပျက်စီးရတဲ့ အဖြစ်မျိုးကတော့ အခုမှ မြင်တွေ့ရတာလို့ ဆိုရင် မမှားနိုင်ပါဘူး။ NLD ပါတီက မဲလိမ်မဲခိုးလို့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီက အကြမ်းဖက်အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြတယ်။


အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဆိုသည့်အတိုင်း မူလအခြေအနေ (တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ)ကို ပြန်လည်ရောက်ရှိအောင် ဖော်ဆောင်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ 


ဘာကြောင့် ဒီလိုအခြေအနေ ဖြစ်ရတာလဲဆိုတဲ့ အဖြေကို ရှာကြည့်တဲ့အခါ သက်ဆိုင်ရာ နယ်မြေဒေသလိုက် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားသူများဟာ တည်ငြိမ်အေးချမ်းရေးထက် ဒီနေရာမှာ ဒီလိုတာဝန်မျိုး ပေးအပ်တာကို လုပ်စားဖို့ အခွင့်အရေးတစ်ခု ပေးလိုက်သလို မှတ်ယူပြီး လုပ်စားနေကြခြင်းကြောင့်ပဲ ဖြစ်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃) အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က -

မိမိတို့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရည်မြင့်မား မှုရှိနေရန်အတွက် အလွန်အရေးကြီးပြီး ပညာရည်ပြည့်ဝနေစေရန် အတန်းပညာ တတ်မြောက်ရန်၊ တတ်မြောက်ထားသည့် အတန်းပညာနှင့်အညီ အတတ်ပညာ တတ်မြောက်ရန်၊ အသိပညာမြင့်မားစေရန်တို့ကို ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ပညာရေး နိမ့်ပါးကျဆင်း လာစေရန် ဦးတည်လုပ်ဆောင်လျက် ရှိနေသည်ကိုတွေ့ရပါကြောင်း၊ အကြမ်းဖက် သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ဆောင်ခဲ့မှု အချို့ကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်စေရေး ခြိမ်းခြောက်စာ များကပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ခြင်း၊ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည်များကို ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ရှိသည့် ကျေးရွာ ၆ ရွာမှ အခြေခံပညာကျောင်းအသီးသီးတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား ၂၁ ဦးနှင့် ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၃၁ ဦးကို PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက် တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စခန်းကြီးရွာ၌ ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအားရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး ထွက်ပြေးခဲ့ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် အသက်(၁၁)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါကြောင်း။

ထို့ပြင် အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ဖြင့် တိုက်ခိုက်ခြင်း စသည်များကိုလည်း ကျူးလွန်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သုနန္ဒာရာမဘုန်းတော်ကြီးကျောင်း အတွင်း အတန်းဆုံးစာမေးပွဲ ဖြေကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ကြားနေသည့် ကိုရင်(၁)ပါးနှင့် ကျောင်းသား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း (အရာတော်)တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မော်တော်ယာဉ်ကို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အတွက် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များကိုကြည့် ပါက လက်နက်ကိုင်အကြမ်းဖက်မှုကို ကျူးလွန်ရုံသာမက ကျောင်းနေအရွယ်ကလေး များ၏ ပညာသင်ယူခွင့်ကိုသာမကဘဲ နိုင်ငံတော်၏ ပညာရည်နိမ့်ပါး ကျဆင်းလာ အောင် ရည်ရွယ်လုပ်ဆောင်မှုများကို မြင်တွေ့နိုင်မည်ပင် ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဇူလိုင် ၃၀ ရက်အထိ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ပညာရေးဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အဆောက်အဦ ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

အကြမ်းဖက်သမားများ၏ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အဦများကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ရန်ကုန်-နေပြည်တော်-လွိုင်ကော် ခရီးစဉ်ပြေးဆွဲနေသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) မှ ခရီးသည်တင်လေယာဉ်ကို လွိုင်ကော်လေဆိပ် အဆင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပေါ်မှာ တည်ဆောက်ထားသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)ကို မိုင်းထောင် ဖောက်ခွဲခဲ့ပါကြောင်း၊ ထို့ပြင် ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ပါ ကြောင်း၊ ဖြစ်စဉ်ကို သွားရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများကို  ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ တံတားပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်သားများကို ပစ်ခတ်တိုက်ခိုက်ခြင်း စသည်များကို လုပ်ဆောင်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ ပြည်သူများ သေကြေဒဏ်ရာရရှိမှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါး ဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀ -၂၁) အနီးရှိ ရထား သံလမ်းကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရထားခရီးစဉ်များ ကိုဖျက်သိမ်း ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာ ကြား ရထားလမ်းပိုင်းပေါ်ရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်း ဆက်မူလီများကို အကြမ်းဖက်အဖျက်သမားများက ဖြုတ်ယူဖျက်ဆီးခဲ့ခြင်းကြောင့် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ခရီးသွားပြည်သူလူထု အသက်ဆုံးရှုံး ထိခိုက် ဒဏ်ရာရရှိစေရေး အသိဉာဏ်မဲ့စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်တွင် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက် လိုင်းကို PDF အမည်ခံအကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်အနီးရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အကြမ်းဖက်သမားများသည် အများပြည်သူ၏ ကူးသန်းရောင်းဝယ်မှုနှင့် နေ့စဉ်လူမှု ဘဝအတွက် အသုံးပြုနေရသည့် လမ်းတံတားများနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၉၄ ကြိမ် လုပ်ဆောင်ခဲ့ပါကြောင်း၊ ထိုသို့လုပ်ဆောင်မှုများသည်  အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအပေါ်အကြမ်း ဖက်မှုကျူးလွန်ခြင်းပင် ဖြစ်ပါကြောင်း၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ် ရပ်များအပေါ် ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်ပူပန်မှုများ၊ ရွံရှာစက်ဆုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့၏ လူမှုစီးပွားဘဝထိခိုက်လာမှုကို မလိုလားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီးလျှို့ဝှက်စွာပူးပေါင်း၊ သတင်းပေးပို့မှုများကြောင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရရှိမှု ပိုမိုများပြားလာပြီး လက်လုပ် သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၁,၀၈၈ လက်၊ ကျည်မျိုးစုံ ၇၇,၅၇၉ တောင့်၊ ခဲယမ်းမျိုးစုံ ၂,၆၆၀ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၈,၇၉၂ လက်၊ ကျည်မျိုးစုံ ၁,၄၂၃,၂၂၄ တောင့်၊ ခဲယမ်းမျိုးစုံ ၄၅,၈၆၅ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် ပြည်သူတို့၏လူမှု စီးပွားဘဝ လုံခြုံမှုကို ပြည်ထောင်စုတစ်ဝန်းလုံး ရရှိခံစား နိုင်စေရန်၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဟန်ချက်ညီရရှိနိုင်စေရန် အတွက် လိုအပ်သည့်နယ်မြေများအလိုက် စစ်ဆင်ရေးနယ်မြေများ သတ်မှတ်ခြင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေများ ကြေညာခြင်း စသည်များကို တည်ဆဲတရားဥပဒေများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတင်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများသေကြေမှုသည် ပြည်သူကိုအညှာအတာ ကင်းမဲ့စွာ၊ လူသားမပီသစွာ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ် သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့်လူမှုစီးပွား ပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကြမှုများ ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊ ဆိုးဝါးသော တိုင်းပြည်ဖျက်လုပ်ငန်းများ ဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်းလို ပါကြောင်း၊ လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိ ရောက်ရောက် ဆက်လက်လုပ်ဆောင်ပြီး ရှေ့လုပ်ငန်းစဉ်အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရဦးမည် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသွားခဲ့ပါတယ်။

ဒါဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်နဲပ ပတ်သက်လို့ တော်တော်များများ သိရှိထားတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ အချိန်မရွေးအကြမ်းဖက်အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေကို ဆွေးနွေးသွားတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးဘကီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်မှာ "ဆိုးဝါးသော တိုင်းပြည်ဖျက်လုပ်ငန်းများ ဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်း လိုပါကြောင်း၊ လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိ ရောက်ရောက် ဆက်လက်လုပ်ဆောင်ပြီး ရှေ့လုပ်ငန်းစဉ်အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရဦးမည် ဖြစ်ပါကြောင်း" ပြေကြားချက်ကို အဓိက ထောက်ရှုဆင်ခြင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဆိုခဲ့ရင် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားလုပ်ဆောင်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှုပေးထားသလို တာဝန်ရှိသူတချို့ကလည်း ထိထိရောက်ရောက် လိုက်လံနှိမ်နင်းဆောင်ရွက်နေခြင်းကြောင့် အကြမ်းဖက်စခန်းတွေ ဖယ်ရှားရှင်လင်းနိုင်ခဲ့ပြီ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာမျိုး ရှိတယ်။ ဒီဆောင်ရွက်ချက်တွေကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများရဲ့ ဆန္ဒနဲ့ ထပ်တူကျတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။

အားနည်းချက်အနေနဲ့ကတော့ ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ဆက် အုပ်ချုပ်ရေးနဲ့ ကင်းကွာခဲ့တဲ့ တပ်မတော်အရာရှိတချို့ဟာ နစက စတင်တာဝန်ထမ်းဆောင်ပြီး မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့များမှာ တာဝန်ပေးအပ်ခြင်းခံရစဉ်က မိမိတို့ ရောက်ရှိတာဝန်ထမ်းဆောင်ရာ မြို့နယ်များမှာ ရှိတဲ့ တပ်မတော်အရာရှိ အငြိမ်းစားတွေကို တွေ့ဆုံတယ်။ ရပ်မိရပ်ဖတွေကို တွေ့ဆုံတယ်။ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပြောဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။ တပ်မတော်အရာရှိ အငြိမ်းစားများထံက သိရှိရပါတယ်။ တကယ်တန်း တပ်မတော်အရာရှိ အငြိမ်းစားများက မိမိတို့နေထိုင်ရာ မြို့နယ်များမှာ၊ ရပ်ကွက်အတွင်းမှာ အန္တရာယ်ရှိသူများ နဲ့ ပတ်သက်လို့ တိတိကျကျ တင်ပြလာတဲ့အခါမျိုးမှာ သတင်းရသွားတယ်။ အဲဒီလို သတင်းရသွားပြီးတဲ့အခါကြတော့ အန္တရာယ်ရှိသူကို စောင့်ကြည့်ထိန်းသိမ်းတာမျိုး လုပ်သလားဆိုတော့ မလုပ်ပါဘူး။ တစ်ဖက်လှည့်နည်းလမ်းနဲ့ ဆက်သွယ်ပြီး အဂတိလိုက်စားတာမျိုး လုပ်ဆောင်လာကြပါတယ်။

တပ်မတော်အရာရှိတစ်ယောက်ဆိုရင် အဲဒီလို အခြေအနေကို ရိပ်စားမိတဲ့အတွက် သူနေထိုင်ရာ ရပ်ကွက်ကနေ တခြားကို ရွှေ့ပြောင်းတိမ်းရှောင်ပြီး နေရတဲ့ အခြေအနေမျိုးအထိ ရင်ဖွင့်ပြောဆိုလာခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ လက်နက်တွေ ဖမ်းဆီးရမိမှု ဖြစ်စဉ်တစ်ခု ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ်က အစောဆုံးတင်ပြခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ အဲဒီလို ဖော်ပြခြင်းကို တပ်မတော်အရာရှိတစ်ဦး က ဘာသဘောနဲ့ ဖော်ပြတာလဲဆိုတာမျိုးအထိ မြန်မာနေရှင်နယ်ပို့စ် က လက်ထောက်အယ်ဒီတာကို ခေါ်ယူစစ်မေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။ သတင်းကို သတင်းအတိုင်းပဲ ဖော်ပြခဲ့တယ်။ အဲဒီ သတင်းဖော်ပြချက်မှာ ဘာတွေ မှားယွင်းတာပါနေလို့လဲလို့ ထောက်ပြပြောဆိုခဲ့ရတယ်။ သဘောကတော့ ဒီဖမ်းဆီးရမိမှုအတွင်း က စာရင်းဖျောက်ချင်တာတွေ ရှိမယ်။ ပြန်လည်ရောင်းစားလိုတာတွေ ရှိမယ်။ ကျွန်တော်တို့က ချက်ချင်းကြီး တိတိကျကျ ဖော်ပြလိုက်တဲ့အခါ ဖျောက်ဖျက်လို့ မရတော့ဘူး။ အဲဒီဖြစ်စဉ်တုန်းက လက်နက်ခဲယမ်းတွေ တော်တော်များပါတယ်။ သို့သော် နိုင်ငံတော်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘူး။ သဘောကတော့ သတင်းမတင်မပြဘူးလို့ ဆိုနိုင်ပါတယ်။ နေအိမ်အတွင်းမှာ လက်နက်ခဲယမ်းအမြောက်အများ သိုဝှက်ထားတဲ့ အကြမ်းဖက်သမားကိုလည်း သာမန်အဆင့်လောက်ပဲ လုပ်ဆောင်လိုက်တဲ့ သဘောဖြစ်ပါတယ်။

ယနေ့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားချိန်မှာ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် ဆိုသူတွေ ရဲ့ အဂတိလိုက်စားမှုတွေကို အရေးယူဆောင်ရွက်နေရတဲ့ အခြေအနေတွေကိုလည်း ပြည်ဖျက်မီဒီယာတွေမှာရော၊ ပြည်တွင်းမီဒီယာတွေမှာပါ ဖော်ပြနေကြပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ ကိုယ်တိုင်လည်း ဒါတွေကို သိရှိနေမှာပဲ ဖြစ်ပါတယ်။ ရှေ့လူတွေကို အဂတိနဲ့ အရေးယူနေလို့ ငါတို့တွေဆင်ခြင်မယ်ဆိုတဲ့ အတွေးမျိုး ရှိပုံမပေါ်ဘူး။ အဂတိသာ ကိုယ်ကျိုးရှိတယ်။ နေရာရသခိုက်၊ ရထူးရသခိုက် လုပ်ရမှာပဲ ဆိုတဲ့ အတွေးတွေက ငယ်ထိပ်တက်စောင့်နေတယ်လို့ ပြောနိုင်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ဘာကြောင့်ထူပြောလာသလဲလို့ အဖြေရှာမယ်ဆိုရင်လည်း အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေမှာ NLD မှိုင်းမိခဲ့တယ်။ NLD ကို အားပေးထောက်ခံပြီး အကြမ်းဖက်လှုပ်ရှားမှုကို မသိကျိုးကျွန်ပြုခဲ့တယ်။ တပ်မတော်အရာရှိများ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း ရောက်ရှိလာတဲ့အချိန်မှာလည်း အများနဲ့ တစ်ယောက်က ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး။ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်မယ့် တပ်မတော်အရာရှိဆိုရင် လုပ်ကြံသတ်ဖြတ်ဖို့အထိ ကြံစည်ခဲ့တဲ့ အခြေအနေမျိုးတွေအထိ ဆိုးဆိုးရွားရွား မြင်တွေ့ခဲ့ရတယ်။

ယနေ့အချိန်အထိ အရာတော်မြို့နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေသူတွေဟာ NLD လွှတ်တော်အမတ်ဟောင်းတွေ ဖြစ်တယ်။ ဒီကောင်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သတင်းထောင် ထွက်မလာဘူးဆိုတာ သက်ဆိုင်ရာ နယ်မြေက ဖုံးကွယ်ပေးထားလို့ပဲပေါ့။ နီပိန်းအကြမ်းဖက်သမားလေးတွေကို ပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးရတယ်။ ငွေယူပြီး ပြန်လွှတ်ပေးလိုက်တယ်။ သတင်းပေးခဲ့တဲ့ ပြည်သူမှာ PDF အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရတယ်။

နစကအစိုးရလက်ထက်မှာ ဖရဲသီးဆိုတဲ့ စကားလုံးက အသုံးတွင်ကျယ်လာတယ်ပေါ့ဗျာ။ ထွေအုပ်၊ ရဲ၊ တခြားဌာနတွေမှာ ဖရဲသီးတွေ ရှိတာကို မအံ့သြပါဘူးလေ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကိုမှ သေကြောင်းကြံဖို့ ဝန်မလေးတဲ့ တပ်တွင်း ဖရဲသီးကတော့ ရွံစရာ အကောင်းဆုံးပဲ။ အရာတော်မြို့နယ်အတွင်း က တိမ်းရှောင်ပြေးကြရတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံခွင့် ရတဲ့အချိန်မှာ သိလိုက်ရတဲ့ တပ်တွင်း ဖရဲသီးရဲ့ အခြေအနေက အရမ်းကို ဆိုးရွာလွန်းနေတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးထွက်တယ်။ စထွက်ပြီဆိုကတည်းက သတင်းက PDF အကြမ်းဖက်အဖွဲ့ဆီ ရောက်နေပြီ။ ဘယ်လိုမှ အကြမ်းဖက်နှိမ်နင်းရေးက လှုပ်ရှားလို့ မရဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချောင်းမြောင်းတိုက်ခိုက်ခံရမယ်။ မိုင်းဆွဲတိုက်ခိုက်ခံရမယ်။ သေဖို့ ၉၉.၉ ရာခိုင်နှုန်း သေချာတယ်။ 

ဒီလိုအခြေအနေမျိုးနဲ့ နိုင်ငံတော်ရဲ့ မူဝါဒတွေ ဘယ်လိုမှ အလျင်အမြန် အကောင်အထည် ပေါ်ဖို့ မရှိဘူး။ NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင်တွေနဲ့ တပ်တွင်း ဖရဲသီးတွေက အချိတ်အဆက်ရှိတယ်။ လမ်းကြောင်း အထွက်ပြတယ်။ ကြိုတင်ရှောင်ရှားခိုင်းတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ။ ဒီနေ့ ဒီအချိန်မှာ လွှတ်တော်လည်း မရှိ၊ ထောက်ပြဝေဖန်ဝံ့တဲ့ နိုင်ငံရေးသမားတွေမှာလည်း နှုတ်ဆိတ်နေရတာဆိုတော့ နိုင်ငံတော်မှာ နစ်နာဆုံးရှုံးမှုတွေ များစွာ ဖြစ်ပေါ်လာပါလိမ့်အုံးမယ်။

အကြမ်းဖက်သမားများက လမ်းတံတားတွေကို ဖျက်ဆီးတယ်။ အစိုးရရုံးဌာနတွေကို ဖျက်ဆီးတယ်။ နိုင်ငံတော်မှာ များစွာ နစ်နာဆုံးရှုံးရတယ်။ နိုင်ငံတော်ရဲ့ မူဝါဒကို အကောင်အထည်ဖော်နေသူတွေကလည်း လုပ်သလိုလိုနဲ့ လိမ်တယ်။ အကြမ်းဖက်သမားနဲ့ ပူးပေါင်းလှုပ်ရှားတယ်။ ဒီတိုင်းပြည် ၁နှစ်အတွင်း၊ ၆လအတွင်း တည်ငြိမ်အေးချမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေကလည်း သူတို့ကို ထောက်ခံအားပေးသူများကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး တိုင်းဖျက် ပြည်ဖျက်လုပ်နေသလို ဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန် တာဝန်ရှိသူများကလည်း လုပ်ငန်းတာဝန်ကို အလေးမထားဘူး။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေကို ထိုးကျွေးထားပြီး ကိုယ်ကျိုးရှာတယ်။ အကြမ်းဖက်အုပ်စုကို အားပေးထောက်ခံတဲ့သူတွေမှာလည်း အကြမ်းဖက်သမားများ အဖြစ်နဲ့ ထိုးကျွေးခံနေရတဲ့ ဘဝတွေဖြစ်သလို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေမှာလည်း ထိုးကျွေးခံရမှန်း မသိ ထိုးကျွေးခံနေရတဲ့ အဖြစ်မျိုးပါပဲ။

နိဂုံးချုပ်အားဖြင့် ဒီလို ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြပ်မက် ထိန်းကျောင်းနိုင်မယ်ဆိုရင်တော့ ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေစာပင်တွေ အနည်းငယ် သက်သာရာရပါလိမ့်မယ်။ မင်းပင် ကောင်လျက် မင်းမြှောင်ဖျက်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လိုသူတွေ များမြောင်နေတဲ့ ခေတ်ကြီးမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူတွေ ပူးပေါင်းဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးထားသည့်တိုင်အောင် နိုင်ငံတော်က ယုံကြည်စွာ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ ပုဂ္ဂိုလ်များက ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားဘူး။ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ကပြောင်းကပြန်ဖြစ်အောင် လုပ်နေကြမှဖြင့် ရွှေပြည်တော် မျှော်တိုင်းဝေးပါပဲ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဆရာတော်ဦးဝါသဝ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို ဒေသခံ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တယ်။ နိုင်ငံတော်က ခန့်အပ်ထားတဲ့ တာဝန်ရှိသူများ အားလုံးက ဆရာတော်ကို လိုလားကြလွန်းလို့တော့ မမှတ်ယူသင့်။ မလွန်ဆန်နိုင်လို့သာ ပူးပေါင်းဆောင်ရွက်ခွင့် ပြုထားခြင်း ဖြစ်ပါတယ်။ နီပိန်းများလိုပဲ သူတို့လုပ်ငန်းများထဲကို ဝင်ရောက်စွက်ဖက်သူ၊ ဘုန်းကြီး အလုပ် ဘုန်းကြီးမလုပ်ဘူးဆိုပြီး တပ်တွင်း ဖရဲသီးများထံက အသံထွက်လာမျိုး ဝမ်းနည်းစွာ ကြားသိခဲ့ရပါတယ်။

ပြည်သူများအနေနဲ့လည်း ဒေသအာဏာပိုင်များရဲ့ သဘောထားကို သိရှိပြီးရင် ယုံကြည်ကိုးစားမှု လွန်ကဲတာမျိုး မဖြစ်သင့်တော့ဘူး။ ၂နှစ်တာ ကာလဟာ တည်ငြိမ်အေးချမ်းမှု လိုလားသူ ပြည်သူများကို မှန်ကန်စွာ သဘောပေါက် နားလည်စေခဲ့ပါပြီ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)