PDF အဖွဲ့ဝင် ၁၀ဦး လက်နက်ခဲယမ်းများ အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသဖြင့် ဆုငွေ ၂၅၃သိန်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အဖွဲ့ဝင် ၁၀ဦး လက်နက်ခဲယမ်းများ အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသဖြင့် ဆုငွေ ၂၅၃သိန်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့



MNP ၊ ဩဂုတ် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ


ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့ရှိ တပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် M – 416 မောင်းပြန်သေနတ် ၁ လက်၊ M- 16 ကျည်အိမ် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့အား အပ်နှံကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြပြီး M – 416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ လက်ပစ်ဗုံး ၁ လုံးဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၃ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊  စုစုပေါင်းငွေကျပ် ၂၅၃ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ အလင်းဝင်ရောက်လာသူများက လက်ခံရယူကြသည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။


ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)