MNP ၊ ဩဂုတ် ၁၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့် ရှိနိုင်သည့် နေရာများတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က နွယ်အေးရပ်ကွက်၊ အ.လ.က(၄)တွင် ကွင်းဆင်းရောက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်းရှိ ရေကြည်ရေသန့် သိုလှောင်ထားရှိရာ အုတ်ကန်များ၊ ရေအိုးများအတွင်း အဘိတ်ဆေးများခတ် ပေးခြင်း၊ စာသင်ခန်းများအတွင်း ခြင်ဆေးများမှုတ်ခြင်း၊ ရေဝပ်ရာ ပစ္စည်းအဟောင်းများအား စနစ်တကျစွန့်ပစ်ခြင်း နေ့စဉ်ဘုရား ပန်းအိုးနှင့် အလှပန်းအိုးများ လဲလှယ်ပေးရန် အသိပညာပေးခြင်းတို့ အပြင် သွေးလွန်တုပ်ကွေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်ခံရပြီး အသက်အန္တရာယ်ကိုပါ ခြိမ်း ခြောက်နိုင်သည့် ရောဂါဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအား အဆိုပါရောဂါ မကူးစက်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာနှင့် မြို့နယ်စည်ပင် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ
https://t.me/MyanmarNationalPost
No comments:
Post a Comment