MNP ၊ ဩဂုတ် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဩဂုတ်လ(၅)ရက်နေ့မှစ၍ မိုးများအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စုတွင် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးသည်းထန်စွာရွာသွန်းသည့်အခါ ချောင်းရေများရေလျှံခြင်းများ ဖြစ်ပေါ်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စု၊ ကူးဆိပ်ကျေးရွာရှိ ကွင်းအမှတ် (OSS)ကြေးတိုင်ပြင်ကွင်းရှိ တောင်သူ(၇)ဦးပိုင် လယ်ယာ(၁၆)ဧကနစ်မြုပ် လျက်ရှိကြောင်း၊ အဆိုပါလယ်ယာများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းပြီး လိုအပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပေါင်းစပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လုပ်ငန်းများအဆင်ပြေစွာဆောင် ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ထူးခြားဖြစ်စဉ်များ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှ စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost

No comments:
Post a Comment