သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုက်တွန်း




MNP ၊ ဩဂုတ် ၂၂

၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဉီးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် သန်းခေါင်စာရင်းအကြောင်း၊ သန်းခေါင်စာရင်း၏ ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ၏ သမိုင်းကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီးပြီး ဆုံးဖြတ်ချက် ၁၉ ချက် ချမှတ်ကာ On Going ဆောင်ရွက်ဆဲ ၅ ချက်ရှိပြီး ၁၄ ချက်မှာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ကို တွေ့ရှိရပါကြောင်း။

သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းတစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၇၅/၂၀၂၃ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

မိမိတို့ ကော်မရှင်အနေဖြင့်အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ ဦးဆောင်မှုပေးနိုင်ရေး၊ တာဝန်ရှိသည့်အဖွဲ့အစည်းက တင်ပြလာသည့် အသေးစိတ်အစီအစဉ်နှင့် ညွှန်ကြားချက်များကို အတည်ပြုနိုင်ရေး၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ သန်းခေါင်စာရင်းကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အလေးထားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်သစ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များကို သန်းခေါင်စာရင်းအကြောင်းနှင့်ပတ်သက်၍ အကျဉ်းချုပ် ဦးစွာပြောကြား လိုကြောင်း။

နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းအတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀) နှစ်တွင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ် (၂၀) အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမ ဆောင်ရွက်သွားမှာဖြစ်ကြောင်း။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာသော သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေးရမည့် ကိစ္စရပ်များအပေါ် အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများတွင် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်နေသည့် သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် မကြာမီဆောင်ရွက်မည့် စမ်းသပ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာဆောင်ရွက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲသွားရန် မှာကြားလိုကြောင်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ် တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည့် အတွေ့အကြုံများစွာ ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင်လည်း ၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ် အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။

ယခင်သန်းခေါင်စာရင်းများကောက်ယူခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ရယူဆောင်ရွက်ခဲ့သော်လည်း ယခု ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံအတွင်းတွင်ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏စွမ်းအား၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုနှင့်ပင် အဓိကဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေများကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင်လည်း အချက်အလက်များမှန်ကန်ပြီး အရည်အသွေးကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်ကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသည် အားလုံးနှင့် သက်ဆိုင်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက နည်းပညာအပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့် ရင်းမြစ်များကို အကျိုးရှိရှိမျှဝေသုံးစွဲကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်၊ ငွေကြေးနှင့် လူအင်အားအပါအဝင် အရင်းအမြစ်ပေါင်းများစွာကို ရင်းနှီးစိုက်ထုတ်ထားရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်သည့် အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် လုံခြုံရေးပိုင်းဆိုင်ရာကအစ အခြားမမျှော်မှန်းနိုင်သည့် အခက်အခဲများလည်း ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အောင်မြင်အောင် ဖြေရှင်း ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံအတွင်းနေထိုင်သည့် လူအားလုံးနှင့် သက်ဆိုင်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း၏ အကျိုးရလဒ်များသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ မှန်မှန်ကန်ကန်ဖြေဆိုမှသာ အချက်အလက်များ၏ အရည်အသွေးကောင်းမွန်မည်ဖြစ်သည်ကို အများပြည်သူသိရှိနားလည်ရန် မီဒီယာကဏ္ဍ သည်လည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းအကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးရေးနှင့် လှုံ့ဆော်ရေးသီချင်းများ၊ ဆောင်းပါးများ၊ ဗီဒီယို Clip များ ထုတ်လွှင့်ပြသနိုင်ရေးကို သတင်းဌာနများအပြင် Social Media များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုရမည်ဖြစ်ကြောင်း။

၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်နှင့် နိုင်ငံတော်ဘတ်ဂျက်နှင့် မိမိတို့အစိုးရဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ယခင်သန်းခေါင်စာရင်းများကဲ့သို့ တိကျခိုင်မာပြီး အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့နိုင်ငံ၏စိန်ခေါ်မှုများကြားက အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပင်မစမ်းသပ်သန်းခေါင်စာရင်း မကောက်ယူမီ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများဖွဲ့စည်း နိုင်ရေးဆောင်ရွက်နေမှု၊ သန်းခေါင်းစာရင်းကောက်ယူခြင်းအတွက် သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်းအကြောင်း ပြည်သူလူထုကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်ရေး ဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံ:အတိုင်းအတာဖြင့် သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတို့ကို အကျယ်တဝံ့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ များဖြစ်ကြသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ က ၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးအကြံပြုတင်ပြကြသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)