အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်ထားသည့် (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်ထားသည့် (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး


MNP ၊ ဩဂုတ်၂၅

တောင်သူများအတွက် စရိတ်သက်သာဝန်ပေါ့ပြီး အလုပ်တွင်ကျယ်စေမည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေး သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်တီထွင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှုနှင့် ကောက်စိုက်သမလိုအပ်ချက်အခက်အခဲကို ကျော်လွှားနိုင်ရန် တောင်သူအချို့အနေဖြင့် ကောက်စိုက်စက်အသုံးပြုလိုကြသော်လည်း ရင်းနှီးမြုပ်နှံနိုင်မှု အကန့်အသတ်များရှိသည့်အတွက် တန်ဖိုးနည်းကောက်စိုက်စက်များကို အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနစိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာန အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်ထားသည့်(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးစဉ်ပြောကြားသည်။

ဦးစွာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၏ အစိတ်အပိုင်းအလိုက် တပ်ဆင်ထားရှိမှု၊ ထပ်မံ အဆင့်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ထုတ်လုပ်မှုစရိတ်၊ စက်စွမ်းအားနှင့် တောင်သူများ ဝယ်ယူအသုံးပြုနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကောက်စိုက်စက်အား ထပ်မံဖြည့်စွက်ထည့်သွင်း ဆောင်ရွက်သင့်သည်များကိုအကြံပြု၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များမှာကြားကာ ဝန်ထမ်းများအား ဂုဏ်ပြုငွေများထောက်ပံ့ပေးအပ်သည်။

လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာလျက်ရှိရာ စပါးစိုက်ပျိုးရာတွင် တိုက်ရိုက်ကြဲပက်စိုက်ပျိုးမှုကြောင့် မျိုးစေ့လေလွင့်ဆုံးရှုံးမှု၊ မြေဆီလွှာပျက်စီးမှုနှင့် သီးနှံအထွက်နှုန်းကျဆင်းမှုများ ကြုံတွေ့နိုင်သဖြင့် စက်ကိရိယာအသုံးပြုစိုက်ပျိုးနိုင်ရေးနှင့် စရိတ်သက်သာ ဝန်ပေါ့ပြီး အလုပ်တွင်ကျယ်စေမည့် (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ကို စက်မှုလယ်ယာဦးစီးဌာနက စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအသုံးပြုနေကြသော ကောက်စိုက်စက်များမှာ တန်ဖိုးကြီးမားသော်လည်း ယခုစမ်းသပ်ဆောင်ရွက်လျက်ရှိသည့် (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်မှာ လက်ဆွဲမြေတူးစက်သုံး အပေါ့စားအင်ဂျင်ကို အသုံးပြုထားပြီး တစ်ဧကလျှင် (၂)နာရီခန့်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်မှာ သိန်း(၂၀)ဝန်းကျင်ဖြစ်၍ တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)