ပြည်ပဆန်တင်ပို့မှုကို လျှော့ချမှသာ ကုန်ဈေးနှုန်းများကျဆင်းမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပဆန်တင်ပို့မှုကို လျှော့ချမှသာ ကုန်ဈေးနှုန်းများကျဆင်းမည်


နေ့စဉ်လူမှုဘဝမှာ အလိုအပ်ဆုံးက ဘာလဲ။ အဖြေကတော့ တစ်ခုပါပဲ။ စားနပ်ရိက္ခာဖြစ်ပါတယ်။ တစ်လနေလို့ အဝတ်တစ်စုံ အသစ်ဝယ်ဖြစ်ချင်မှ ဝယ်ဖြစ်လိမ့်မယ်။ ဆန်၊ ဆီ၊ ဆား အစရှိတဲ့ အခြေခံစားသောက်ကုန်ကတော့ မဖြစ်မနေ ဝယ်ရပါတယ်။ စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍလို့ ပြောရင် ကျယ်ပြန့်ပါတယ်။ စားနပ်ရိက္ခာဖူလုံမှုမရှိရင် နောက်ဆက်တွဲ ပြဿနာတွေလည်း များပါတယ်။ စားနပ်ရိက္ခလို့ ဆိုရာမှာ နေ့စဉ်စားနေရရုံမျှသာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားနိုင်ဖို့၊ အဟာရပြည့်ပြည့်ဝဝ စားသောက်နေထိုင်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအခြေခံ လိုအပ်ချက်ဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း အရေးပါနေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေ့စဉ်အသက်ရှင်ရပ်တည်ရေးအတွက်သာ စားနေရပြီး အဟာရမပြည့်ဝမှု၊ ကျန်းမာရေးနဲ့ညီညွတ်အောင်  စားသောက်နေထိုင်နိုင်ခြင်း မရှိတဲ့ လူဦးရေဟာ ပိုပြီး များပြားပါလိမ့်မယ်။ ဒါကတော့ နေ့စဉ်ဝင်ငွေနည်းပါးခြင်းကြောင့် အစားအစာကို ခြွေတာစားသောက်ကြရပါတယ်။ ဖြစ်သလိုစားကြရတဲ့ အခြေအနေမျိုးရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းပြည်ဖြစ်သည့်တိုင်အောင် မိမိတို့ရဲ့ အဟာရမပြည့်ဝတဲ့ အခြေအနေမျိုးတွေ၊ ဝင်ငွေနဲ့ ဈေးနှုန်းမမျှတမှုတွေကြောင့် တစ်နေ့ကို တစ်နပ်ပဲစားရတာ၊ ဆန်ပြုတ်သောက်ရတာတွေအထိ ဖြစ်ခဲ့ဖူးပါတယ်။

စာရေးသူကိုယ်တိုင်လည်း ငယ်စဉ်က ဒီလိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အခြေခံပညာမူလတန်းအရွယ်ကဆိုရင် ဆန်ဈေးနှုန်းတွေ တက်ပြီး ဆန်ပြုတ်သောက်ရတဲ့ အဖြစ်မျိုးကြုံခဲ့ဖူးပါတယ်။ တစ်မိသားစုတည်း ဖြစ်တာမဟုတ်ပါဘူး။ တောအခေါ် လယ်ပိုင်ယာပိုင်မရှိတဲ့ ကျဘမ်းလုပ်ကိုင်သူ မိသားစုတွေ အတော်များများ ရင်ဆိုင်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

အဲဒီတုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြန်သုံးသပ်မယ်ဆိုရင် အခုအချိန်မှာလည်း ကျွန်တော်တို့ ရွာက လူတွေ ဆန်ပြုတ်သောက်နေကြရပြီလား မြင်ယောင်မိတယ်။ သို့သော် ကျွန်တော်တို့ ရွာဘက်ကနေ ဆန်ပြုတ်သောက်နေရပြီဆိုတဲ့ သတင်းတွေ မကြားရပဲ စစ်ကိုင်းတိုင်းဒသေကြီးထဲက တချို့ရွာတွေမှာတော့ ဆန်ပြုတ်သောက်နေကြရပါပြီ။ ဘာကြောင့်လည်းဆိုရင် NLD အစွန်းရောက် နီပိန်းတွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့်ပဲ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ အကြမ်းဖက်အန္တရာယ်ကြောင့် စားနပ်ရိက္ခာ ထွက်ဝယ်ဖို့ မလွယ်ဘူး။ အများပြည်သူအသုံးပြုနေတဲ့ လမ်းမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက မိုင်းတွေထောင်ထားတယ်။ အရဲစွန့်ပြီး ထွက်ခဲ့ရင်လည်း မိုင်းနင်းမိပြီး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိတယ်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သူတို့ကို အားပေးထောက်ခံခြင်းမရှိတဲ့သူဆိုရင် ဘာမှ ထောက်ထားမနေဘူး။ အသေသတ်ဖို့စီစဉ်ထားပြီးသား ဖြစ်ပါတယ်။ တဖက်မှာ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားရတဲ့ အစိုးရရဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေအနေနဲ့က အဲဒီလို အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ပိတ်မိနေတယ်။ ရွာသူရွာသားတွေ စားနပ်ရိက္ခာထွက်ဝယ်ဖို့တောင် အဆင်မပြေတဲ့ အခြေအနေမျိုး ကြုံတွေ့နေရလို့လည်း အလေးမထားပါဘူး။ စားနပ်ရိက္ခာရရှိအောင် လုပ်ပေးရကောင်းမှန်း မသိကြပါဘူး။ ကိုယ့်တာဝန်ကို မေ့နေကြတာလို့ ပြောရင်လည်း မမှားပါဘူး။ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူ/နိုင်ငံသားတွေရဲ့ အမှုကို ထမ်းရွက်နေခြင်းဖြစ်တယ်ဆိုတာမျိုး အတွေးမရှိတဲ့ သူတွေဖြစ်နေခြင်းကြောင့် အချိန်မီ အခါမီ အကူအညီ ရသင့်ပါလျက်နဲ့ မရပါဘူး။ ပရဟိတစိတ်ထားမရှိတဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကြောင့် အတိဒုက္ခရောက်ရခြင်း ဖြစ်ပါတယ်။ 

ဒီလို ပြောလို့ ဝန်ထမ်းအားလုံးကို အပုပ်ချခြင်းမဟုတ်ပါဘူး။ ဒီကိစ္စဟာ ဒေသဆိုင်ရာလုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ဆိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒီလူတွေ က ကူညီဖြေရှင်းပေးမှသာ ဒေသခံ ပြည်သူများ အငတ်ဘေး ကင်းဝေးမှာ ဖြစ်ပါတယ်။

ယနေ့ တိုင်းပြည်ကို စီမံအုပ်ချုပ်နေတဲ့ နစကအစိုးရအနေနဲ့က ပြည်သူတွေ ကောင်းကျိုးဖြစ်ဖို့ လုပ်ဆောင်နေတာတွေကို မြင်တွေ့ရသည့်တိုင်အောင် တဖက်မှာ ကောင်းကျိုးဖြစ်စေမယ့် ကိစ္စတွေကို နှောက်ယှက်နေတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်အုပ်စုကို အလွန်အမင်း ငဲ့ညှာတဲ့အတွက်ကြောင့် ပြည်သူတွေမှာ ကောင်းကျိုးခံစားခွင့် မရတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်ဒေသကြီးထဲက မြို့နယ်တချို့မှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက သူတို့ကို အားပေးထောက်ခံခြင်းမရှိတဲ့ ပြည်သူတွေ စားနပ်ရိက္ခာဝယ်ယူလို့ မရအောင် ပိတ်စို့ထားတာမျိုးတွေ ရှိသလို လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဆိုးရွားနေတဲ့ အခြေအနေအတွင်းက ရုန်းထွက်နိုင်ခဲ့သူတွေ အေးချမ်းတဲ့အရပ်ကို ပြောင်းရွှေ့ရောက်ရှိလာကြပေမယ့် အခြားအရပ်ဒေသကို ပြောင်းရွှေ့ဖို့ မလွယ်ကူတဲ့သူတွေမှာ အကြမ်းဖက်သမားကိုလည်း ကြောက်ရ၊ အားကိုးအားထား ပြုရမယ့်သူတွေကလည်း အားကိုးအားထားလို့မရတဲ့ အခြေအနေမျိုးမှာ ဘယ်လောက်ထိအောင် သောကပွေနေရမလဲ စဉ်းစားကြည့်ကြပေတော့။

တကယ်တော့ NLD အစွန်းရောက်တွေမှာ အာဏာရမ္မက်ထပြီး အမေရိကန်ရဲ့ အကူအညီနဲ့ ဆူပူအကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြခြင်းဖြစ်တယ်။ အမေရိကန်ရဲ့ အထောက်အပံ့တွေမှာ နေ့စဉ်စားနပ်ရိက္ခာဖူလုံစေဖို့ အစီအစဉ်မပါဘူး။ သေနတ်ပေးမယ်၊ ကျည်ဆံပေးမယ်၊ ဒရုန်းတွေ ပေးမယ်။ အချင်းချင်း သတ်ကြ၊ သေကြဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ NLD အစွန်းရောက်တွေက အတွေးတိမ်တယ်။ မျက်ခုံးမွှေးတစ်ထောက်စာပဲ မြင်ပြီး အမေရိကန်ရဲ့ အစီအစဉ်ကတော့ အနာဂတ်ကိုပါ ဆိုးရွားစွာထိခိုက်အောင် မီးလောင်ရာ လေပင့်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှု ပြင်းထန်လာချိန်မှာ စီးပွားရေးအရ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဓိကအားဖြင့်တော့ မုသားအင်ပါယာကို ဦးဆောင်တဲ့ အမေရိကန်ရဲ့ ကောက်ကျစ်ယုတ်မာရိုင်းစိုင်းမှုတွေေကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမေရိကန်ရဲ့ ယုတ်မာကောက်ကျစ်မှုဒဏ်ကို ခံနေရသလို ကမ္ဘာ့နိုင်ငံများမှာ အလားတူ ပြဿနာမျိုးတွေ ကြုံတွေ့နေကြရခြင်း ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်က ရုရှားနိုင်ငံမှာကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် လူသားများ အသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှုရှိရေး(Food Security)သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိ လူသားများ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ဆိုသည်မှာ နိုင်ငံတစ်ခု အတွင်း နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ်များစွာ တိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ် လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည်  စားနပ်ရိက္ခာလုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ဆွေးနွေးခဲ့ပါတယ်။

နစကအစိုးရသက်တမ်းတလျှောက် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အဓိကဦးစားပေးလုပ်ငန်းစဉ်ဟာ ကောက်ပဲသီးနှံအထွက်တိုးဖိုးနဲ့ မွေးမြူရေးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ကို အလေးထားလုပ်ဆောင်နေကြတာကို ငြင်းဆန်လို့ မရပါဘူး။ တချိန်တည်းမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ စိုက်ပျိုးမြေများ မဆုံးရှုံးစေဖို့လမ်းညွှန်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသည့်တိုင်အောင် အာဏာပိုင်အဖွဲ့အစည်းအတွင်းက ဝိသမလောဘသားများကိုတော့ မထိန်းကျောင်းနိုင်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ စိုက်ပျိုးမြေများကို ဥပဒေနဲ့မညီဘဲ အခြားနည်းသုံးစွဲခွင့် ရအောင် ဆောင်ရွက်ကြရာမှာ အာဏာပိုင်တွေသာ အဓိကဖြစ်ပြီး သူတို့ရဲ့ အကျိုးစီးပွားတွေ ပါနေတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှန်ကန်ကောင်းမွန်တဲ့ လမ်းညွှန်မှုအပေါ်မှာ အလေးထားသင့်သလောက် အလေးမထားကြပါဘူး။

ယနေ့ မျက်မှောက်ပြည်သူများ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ နိုင်ငံတော်က အလုပ်သင့်ဆုံးအလုပ်ကို ပြောရမယ်ဆိုရင်တော့ ပြည်သူများဟာ နေ့စဉ်တရိပ်ရိပ်မြင့်တက်လာနေတဲ့ ဆန်ဈေးနှုန်းကြောင့် ဝင်ငွေနဲ့မမျှတဘဲ အခက်ကြုံနေကြရပါတယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့တော့ အိန္ဒိယအစိုးရက ဇူလိုင်လထဲမှာ ပြည်ပဆန်တင်ပို့မှုတွေကို တားမြစ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရရဲ့ ဒီလုပ်ဆောင်ချက်ဟာ ပြည်သူကို မျက်နှာမူတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ပြည်ပဝင်ငွေတွေ ရရှိနေပြီး ပြည်သူတွေ အငတ်ဘေးကြုံနေတယ်ဆိုရင်လည်း အဓိပ္ပာယ်မရှိပါဘူး။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံတွေ ထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယကနေ ဆန်ဝယ်ယူနေတဲ့ တိုင်းပြည်တွေမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။ အိန္ဒိယကနေ ဆန်ဝယ်ယူနေတဲ့ တိုင်းပြည်တွေထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပါတယ်။ အိန္ဒိယက တင်ပို့မှုတားမြစ်ထားတဲ့အတွက် တရုတ်ရဲ့ ဝယ်လိုအားဈေးကွက်ကို မြန်မာနိုင်ငံက ရနိုင်ပါတယ်။ သို့သော် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းညှိရမှာလည်း ဖြစ်ပါတယ်။

ယနေ့တိုင်းပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်နေတာကို နိုင်ငံတော်က မထိန်းချုပ်ပါဘူး။ တပ်မတော်အနေနဲ့ လိုအပ်တဲ့နေရာတွေမှာ ထောက်ပံ့ပေးမှုတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ ဒါဟာ ပြည့်စုံလုံလောက်သည်အထိတော့ မဟုတ်ပါဘူး။

ပြည်သူတွေ ယနေ့ရင်ဆိုင်နေရတဲ့ ဆန်ဈေးနှုန်းကြီးမြင့်ကို လျှော့ချဖို့အတွက်ဆိုရင်တော့ ပြည်ပဆန်တင်ပို့မှုကို ကန့်သတ်ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံခြားဝင်ငွေ လိုအပ်ချက်ကို ထိခိုက်နိုင်တယ်။ ဆန်လုပ်ငန်းရှင်တွေ၊ တောင်သူတွေကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်လည်း ရှိနေပြန်ပါတယ်။ 

ပညာရှိများရဲ့ အဆိုအရ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဟာ အများပြည်သူ ဈေးနှုန်းသက်သာစွာနဲ့ စားသောက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ရပါတယ်။ ငါတစ်ယောက်တည်း အမြတ်ကြီးစားဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးမလုပ်ကြရပါဘူး။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံတဲ့ တိုင်းပြည်ဖြစ်ပါလျက်နဲ့ ကိုယ့်နိုင်ငံသားတွေမှာ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် စားဝတ်နေရေး အတိဒုက္ခရောက်နေရတယ်ဆိုတဲ့ အဖြစ်မျိုးဟာ လုံးဝမသင့်လျော်ပါဘူး။ စိုက်ပျိုးထုတ်လုပ်သူ(တောင်သူ)များနဲ့ ကုန်သယ်ကြီးများသာ အမြတ်ကြီးစားပြီး ကျဘမ်းလုပ်သား ပြည်သူများမှာ အတိဒုက္ခရောက်နေကြရတဲ့ အဖြစ်မျိုး မကြုံတွေ့ရစေဖို့ နိုင်ငံတော်က အရန်ဆန်များ ထုတ်ရောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီထက်ပိုပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်ဖြစ်စေဖို့အတွက် ပြည်ပဆန်တင်ပို့မှုကိုတေ့ အကန့်အသတ်အားဖြင့် တားမြစ်ပေးထားသင့်ပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)