MNP ၊ သြဂုတ် ၂၁
ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေးလုပ်ငန်းများကို စူးစမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့က ဇေယျာသီရိ မြို့နယ် သက်နှင်းအင်းကျေးရွာအနီး ပြွန်သုံးလုံးရှေ့တန်းစခန်းတွင် ရေဆင်းဆည်ရေသောက် ရေအသုံးချသူများအဖွဲ့ (WUG) ခေါင်းဆောင်များနှင့် တွေဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် သီးနှံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးဝေနိုင်ရေးအတွက် တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးသည့် သီးနှံနှင့် စိုက်ပျိုးချိန်တူညီရန်လိုကြောင်း၊ ဒေသနေ တောင်သူတိုင်း အဆင်ပြေပြေစိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် စည်းလုံးညီညွတ်သော ဒေသအဖြစ်တိုးတက်ဖွံ့ဖြိုးလာရေးအတွက် ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးမှုများ ပြုလုပ်၍ မိမိတို့အားလုံး ပူးပေါင်းပါဝင်ကြရန်လိုကြောင်း၊ ရေဆင်းရေလှောင် တမံ၏ ရေဝေရေလဲဒေသအတွင်း မိုးရွာသွန်းမှုနည်းပါးလာခြင်းကြောင့် ဆည်ရေသိုလှောင်နိုင်မှု လျော့ကျလျက်ရှိရာ စိုက်ပျိုးရေနှင့် ဒေသသောက်သုံးရေပေးဝေနိုင်ရန် အခက်အခဲကြုံတွေ့နေရမှုအပေါ် အကောင်းဆုံးကျော်လွှား နိုင်ရေးနှင့် ဒေသ၏ သီးထပ်စွမ်းအားတိုးမြှင့်ရေးအတွက် ရေကူလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံအလိုက် ရေလိုအပ်ချက်အတိုင်း ပေးသွင်းစိုက်ပျိုးနိုင်ရန်နှင့် ရေအလေအလွင့်မရှိပေးဝေနိုင်ရန် အနည်း ဆုံး ရေလိုအပ်ချက်ကို ချွေတာသုံးစွဲခြင်းကို တောင်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ထန်းတပင်ကျေးရွာနှင့် ရွာသစ်ကျေးရွာအနီးရှိ ကျွန်းရောင်း - အိုင်စောက် - ပေါင်း လောင်း ရေနုတ်မြောင်းပေါ်တွင် တည်ဆောက်ထားသော ရေသောက်စနစ်အပေါ်ပိုင်း လယ်မြေများရှိ စွန့်ထုတ်ရေကို ပြန်လည်အသုံးပြုနိုင်ရန် တည်ဆောက်ထားသော ရေမြှင့်ရေထိန်းတံခါး အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment