ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ








MNP ၊ ဩဂုတ် ၂၇

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဗဟို အကြံပေးအဖွဲ့ဝင် စောဒယ်နီရယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်၊ ဗဟိုအကြံပေးအဖွဲ့ဝင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖားစည်ကိုးချက်တီးပြီး ကရင်လူငယ်ကိုးဦးတို့က ကျွဲချိုမှုတ်၍အခမ်းအနားကို ဖွင့်လှစ်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် က နှုတ်ခွန်းဆက်စကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၁ ရက်မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ရှိသည့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသားဘိုးဘွားမိဘများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြသည့် မင်္ဂလာတရားများနှင့်ပြည့်စုံသည့် ရိုးရာအမွေအနှစ် တစ်ခုဖြစ်ကြောင်း၊ မိသားစုများအားလုံး စည်းစည်းလုံးလုံးဖြင့်ပြန်လည်တွေ့ဆုံပြီး လက်ရည်တစ်ပြင် တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများ တိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေး မှုထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းဖော်ထုတ်ခြင်းတို့ဖြင့် ထူးမြတ်သည့် မင်္ဂလာအခမ်းအနားဖြစ်ကြောင်း၊ “ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့်” မကောင်း သည့်ဖြစ်ပျက်မှု၊ ဖြစ်စဉ်များပျောက်ပျက်ပြီး ကောင်းမွန်သည့်မင်္ဂလာတရားများ သက်ဝင်ရောက်ရှိလာစေရန် ဆောင်ရွက်ကြသည့်ပွဲတော်ဖြစ်ကြောင်း၊ ပွဲတော်အတွက် လိုအပ်သည့်အရာများမှာ ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေနှင့် ကြံပိုင်းတို့ဖြစ်ကြပြီး စနစ်တကျဆောင်ရွက်သည့် ပွဲတော်လည်းဖြစ် ကြောင်း၊ ဤအရာကိုကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏ စနစ်တကျစုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များ လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်တတ်မှုများကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပေးကြသည့် ပြည်ထောင်စုဖွားကရင် တိုင်းရင်းသားများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည်စုံကြပါစေကြောင်းနှင့် ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုးကို ဆတက်ထမ်းပိုး အတူတကွကျရာကျရာအခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကရင်လူမျိုးများ၏ ရိုးရာအိုးစည်အက၊ ကရင်ရိုးရာဒုံးယိမ်း အက၊ ကရင်ဝါးညှပ်အကများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှ တိုင်းရင်းသားဝန်ထမ်းများက စည်းလုံးခြင်းအတွက် တေးသီချင်း၊ ရိုးရာအကများ ဖြင့် တင်ဆက်ဖျော်ဖြေကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ပွဲတော် ကျင်းပရေးကောင်မတီနှင့် တိုင်းရင်းသားရိုးရာအက အဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ကြပြီး ကရင် ဘိုးဘွားများက အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများကို ကရင်ရိုးရာချည်ဖြူ ဖွဲ့ပေးကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဆိပ်ခံဗောတံတားနှင့် တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ၊ နန်းမြင့် မျှော်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သောသမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သား နိုင်စေရန် မီးမောင်းထိုးပြသဖော်ကျူးထားသည့်နေရာ ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းပြီး လာရောက်လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကို စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ဖြင့် စနစ်တကျရှင်းလင်းတင်ပြကြရန် တိုက်တွန်းပြောကြားပြီး ဌာနဆိုင်ရာလိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)