MNP ၊ ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်အတွင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် Siphon နည်း ရေပိုက်ဆက်၍ ရေစုပ်ထုတ်ခြင်းနှင့် ရေစီးကြောင်းဖောက်ချခြင်းနည်းလမ်း နှစ်မျိုးတို့ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရေကန်အတွင်း၌ ရေဝိတ်လျှော့ချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ လုံးခင်း ဖားကန့်တူးဖော်ရေးဌာနက စီမံဆောင်ရွက်ပေးသည့် ကျောက်မျက်ကုမ္ပဏီ (၄) ခု၏ ယာဉ်/ယန္တရား (၄) စီးဖြင့် အကျယ် (၅) ပေ၊ အနက် (၁၀) ပေ၊ အရှည် (၁၁၀၀) ပေခန့်ရှိသော ရေနုတ်မြောင်းဖောက်လုပ်ပြီး ရေကန်အစပ် ဒိုင်ကျန်အမာခံကျောက်ခုံအား အကျယ် (၅) ပေနှင့် အနက် (၆) လက်မနှုန်းဖြင့် ယမန်နေ့ ညနေ ၄ နာရီက ရေစီးကြောင်းများ ဖောက်ချနိုင်ခဲ့သည်။
ထိုသို့ အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် ကျောက်စိမ်းတောင်ကုမ္ပဏီကျင်းဟောင်း ရေကန်၌ ရေစီးကြောင်း ဖောက်ချခြင်းနှင့် အကျယ် (၆) လက်မ၊ အရှည်ပေ (၅၆၅) ပေရှိသော ရေပိုက် (၂) ချောင်းဖြင့် ရေဝိတ်လျှော့ချလျက်ရှိပြီး ရေကျနှုန်းပေါ်မူတည်၍ အကျယ် (၅) ပေ၊ အနက် (၆) လက်မမှ (၁) ပေနှုန်းအထိ ဆက်လက်ဖောက်ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းတောင်ကုမ္ပဏီ ကျင်းဟောင်းရေကန်သည် ဖားကန့်မြို့နယ် မော်ဝမ်းကြီးမှော်တွင်တည်ရှိပြီး ရေကန်အကျယ်အဝန်း (၂၄) ဧကနှင့် အနက်ပေ (၄၀၀) ခန့်ရှိကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်ဝမ်းကြီး/မော်ဝမ်းလေးကျေးရွာ ဘုန်းကြီးကျောင်းဘေးရှိ ကမ်းပါးယံသည် အက်ကွဲကြောင်းများဖြစ်ပေါ်နေပြီး ပြိုကျလာပါက ရေကန်ပေါက်ကျမှု ဖြစ်လာနိုင်သောကြောင့် ရေဝိတ်အမြန်လျှော့ချနိုင်ရန်အတွက် ရေကန်အစပ် အမာခံ ကျောက်ခုံရေစီးကြောင်းအား အကျယ် (၅) ပေ၊ အနက် (၁၀) ပေခန့်အထိ ဖောက်ချသွားမည်ဟု သိရသည်။
ထို့ပြင် ရေကန်အနီးရှိ ကျေးရွာများတွင် အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိခြင်း၊ လူနေမိုးကာတဲများ၊ ဈေးဆိုင်တဲများအား ပြောင်းရွှေ့နေထိုင်စေခြင်း၊ တရားမဝင်ရေ မဆေးကျောက်ရှာဖွေတူးဖော်ခြင်းနှင့် ရေပန်းထိုးမျောတိုက်၍ ကျောက်ရှာဖွေခြင်းများ မပြုလုပ်ဖို့ အသိပေးခံဝန်လက်မှတ်ထိုးစေပြီး မှတ်တမ်းရယူခြင်း၊ အဆိုပါ ကျင်းဟောင်းရေကန်တွင် ဒိုင်ကျန်များပြိုကျ၍ ရေပေါက်ကျမှု ဖြစ်ပေါ်လာပါက အသက်အိုးအိမ်ဆုံးရှုံးမှု လူသေဆုံးထိခိုက်မှုများ ရှိလာနိုင်သောကြောင့် ၎င်းနေရာများတွင် နေထိုင်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီဝင်များနှင့် ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီများမှ အသိပေးဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစည်းအဝေးကို မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီဝင်များနှင့် ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များပူးပေါင်း၍ လုပ်ငန်းမစတင်မီ ကာလမှ လက်ရှိအချိန်အထိ နေ့စဉ် နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်း၌ကျင်းပခဲ့ကြောင်း သိရသည်။
ထို့အတူ တခြားမှော်လုပ်ကွက် ကျင်းဟောင်းရေကန်များတွင်လည်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွေ့ရှိရပါက အမြန်တင်ပြဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ရပ်ကွက်ကျေးရွာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အကြောင်းကြားထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment