မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်






MNP ၊  ဩဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ နှင့် အောင်တပ်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးစန်နီ က ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန မှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစံထွန်းက မိုးသည်း ထန်စွာရွာသွန်းပါက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေးမှုများ၊ ရှာဖွေဆယ်ကယ်ရေး တပ်ဖွဲ့ဝင်များက အသက်ကယ်လှေ၊ စက်လှေများဖြင့် ရေဘေးသင့်ပြည်သူများအား ရေဘေး ကင်းလွတ်သည့်နေရာများသို့ ပြောင်းရွေ့ပေးမှုများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးမှုများ စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ရာ သဘာဝဘေးကြုံတွေ့လာပါက သတင်းပို့ခြင်း၊ သတိပေးကြေညာခြင်း၊ ရေဘေးသင့် ပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေနစ်သူများအား ရှာဖွေကယ်ဆယ်၍ ရှေးဦးသူနာပြုစုခြင်းစသည့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းများကို မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)